ဗဟုသုတ

“ဆေးရုံကိုပြန်လာကြပါ” ဟု CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

ကိုဗစ်တတိယလှိုင်းတွင် ကူးစက်မှုများပြင်းထန်နေပြီး ဆေးရုံများတွင် ဆရာဝန်များမလောက်ငှမှုများဖြစ်ပေါ်လျက်ရှိရာ CDM ဆရာဝန်များ ဆေးရုံကိုပြန်လာကြရန် မေတ္တာရပ်ခံကြောင်း မြန်မာ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ဖိတ်ခေါ်ခဲ့သည်။

“ကျွန်တော်လည်း အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်။ လာကြပါ။ ဒါက လူမှုရေးကိစ္စဖြစ်တယ်။ နိုင်ငံ့အရေးကိစ္စဖြစ်တယ်။ အမျိုးသားရေးကိစ္စဖြစ်တယ်။ တစ်ချို့လည်း လာကြတာရှိတယ်။ တစ်ချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြတာရှိပါတယ်။

ကျွန်တော်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။

ကျန်းမာရေးနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်ပြောလိုတယ်” ဟု ၎င်းက ယနေ့နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

လက်ရှိ ဆေးရုံဆေးခန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ကျန်းမာရေးဝန်ထမ်းနှင့် စစ်တပ်မှ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း အင်အား ၃၀,၀၀၀ ကျော်ဖြင့် ကုသ ဆောင်ရွက်ပေးနေကြောင်း ၎င်းကဆိုပြီး ကိုဗစ်ကူးစက်ခံလူနာများကို ကုသရာတွင် မနိုင်မနင်းဖြစ်နေကြခြင်းဖြစ်သည်။

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းအများစု အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတစ်ရပ်- CDM ကို စတင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလေးစားရန်၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် အုပ်ချုပ်ရေးတာဝန်ယူထားသည့် စစ်တပ်က စစ်တန်းလျားကို ပြန်ရန် တောင်းဆိုထားသည်။

စစ်တပ်ကလည်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာဝန်များကို ဖမ်းဆီးခဲ့ပြီး ကြီးလေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ကိုဗစ်လှိုင်းများအတွင်း ရောဂါထျန်းချုပ်ရာတွင် အဓိကပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများမှာလည်း ထောင်သွင်းအကျဉ်းချခံထားရပြီး CDM ကျန်းမာရေးဝန်ထမ်းအများစုကတော့ ၎င်းတို့၏ တောင်းဆိုချက်ကို မလိုက်နာမချင်း CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်နေဦးမည်ဟု မီဒီယာများကို ပြောဆိုထားသည်။