ဗဟုသုတ

အင်းစိန်ထောင်တွင်းဆန္ဒပြမှုမှာ ထောင်ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်၊ စစ်ကောင်စီက အင်းစိန်ထောင်ကို ဝင်စီးထားဟု AAPP ထုတ်ပြန်

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်မှ ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ကာ ထောင်တွင်းဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပါတယ်။

အင်းစိန်ထောင်အတွင်း အမျိုးသမီးအကျဉ်းသူတွေကို ထားတဲ့ သီးသန့်ဆောင်ဘက်ကနေ ကြွေးကြော်သံတွေ စတင်ပေါ်ထွက်လာခဲ့ရာမှ ထောင်တစ်ခုလုံး ပျံ့နှံခဲ့တာဖြစ်ပါတယ်။

ဒီထောင်တွင်းဆန္ဒပြမှုမှာ အကျဉ်းထောင်ဝန်ထမ်းတစ်ချို့လည်း ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိမှာ စစ်တပ်က အင်းစိန်ထောင်ကို ဝင်စီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်က ထောင်ကိုဝင်စီးပြီး ထောင်ဝန်ထမ်းတွေရဲ့ လက်နက်တွေကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

သီးသန့်ဆောင်မှာ ဖမ်းထားတဲ့ ဒီမိုကရေစီလိုလားသူတွေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေကို ထားတဲ့ အမျိုးသမီးဆောင်နှစ်ခုမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါအခြေအနေ ဆိုးရွားလျက်ရှိပြီး အကျဉ်းကျနေသူများနည်းတူ ထောင်ဝန်ထမ်းတွေဟာလည်း ဆေးကုသခွင့်မရရှိရာမှ ဆန္ဒပြမှုစတင်ဖြစ်ပွားခဲ့တာလို့ AAPP က ဆိုပါတယ်။

မနေ့က ဇူလိုင် ၂၂ ရက်မှာ ရာဇဝတ်အကျဉ်းသား ၁၀၀၀ ခန့်လွှတ်ပေးဖို့ စီစဉ်နေကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ပြီး နောက်တစ်ရက် ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက အင်းစိန်အကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အာဏာလွှဲပေးဖို့ အစာငတ်ခံဆန္ဒပြမှု ပေါ်ပေါက်ခဲ့ပြီး ထောင်အာဏာပိုင်များက ရက်ရက်စက်စက် အကြမ်းဖက်ဖြိုးခွင်းခဲ့ရာ အကျဉ်းကျနေသူ ၄၀ ခန့် ဆေးရုံတင်ခဲ့ရပြီး ၆ ဦးမှာ အသေရိုက်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တာကြောင့် ထောင်တွင်းဆန္ဒပြမှုကို ရက်ရက်စက်စက်ဖိနှိပ်မှာ ညှင်းပန်းနှိပ်စက်တာ သတ်ဖြတ်တာတွေ လုပ်မှာကို AAPP က အလွန်စိုးရိမ်နေပါတယ်။

ဒါကြောင့် စာနာထောက်ထားတဲ့ (နိုင်ငံတကာ) အစိုးရတွေအနေနဲ့လည်း စစ်ကောင်စီကို ဖိအားပေးရပါမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။

ထောင်တွင်းဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာကိုင်တွယ်ထိန်းသိမ်းနိုင်ခြင်း မရှိတာကြောင့် ရန်ကုန်အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ ဆန္ဒပြမှုအခြေအနေကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းပေးဖို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံရုံးတွေက ဒီနေ့ နေ့လည်ပိုင်းမှာပဲ ပူးတွဲကြေငြာချက်ထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။

ကြေငြာချက်ကိုတော့ ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံရုံးတွေအပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနဲ့ သံရုံးအကြီးအကဲတွေက ပူးပေါင်းလက်မှတ်ရေးထိုး ထုတ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အင်းစိန်အပါအဝင် အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာဖို့လည်း သံရုံးတွေက တိုက်တွန်းထားပါတယ်။ ဆက်လက်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ သတိပေးလိုက်ပါတယ်။