အင်းစိန်ထောင်တွင်းတွင် ဆန္ဒပြကြွေးကျော်မှုများ ယနေ့နံနက်စောစောကထွက်ပေါ်ခဲ့ပြီးနောက် သပိတ်ခေါင်းဆောင်များကို စစ်ဘက်နှင့် အကျဉ်းဦးစီးဌာနအရာရှိများက တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု အကျဉ်းဦးစီးသတင်းရင်းမြစ်များအပြောအရသိရသည်။
ထောင်တွင်းသပိတ်ခေါင်းဆောင်များနှင့် လက်ရှိ စစ်တပ်၊ အကျဉ်းဦးစီးဌာနညွှန်မှူးဦးဇော်ဇော်တို့ ဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများဘက်မှ အမြန်ဆုံးလွှတ်ပေးရေး၊ ထောင်တွင်း ကိုဗစ်-၁၉ ရောဂါကိုထိန်းသိမ်းပေးရေး၊ ထောင်အာဏာပိုင်သစ်၏ တင်းကြပ်သောစည်းမျဉ်းများအား ဖြေလျော့ပေးရေးများကို တောင်းဆိုနေကြကြောင်း ထိုနိုင်ကျဉ်းအချုပ်သားများကို ကူညီနေသော ရှေ့နေတစ်ဦးက ဆိုသည်။
အကျဉ်းထောင်အတွင်းမှ တော်လှန်ရေး၏ပြယုဉ်သီချင်းတစ်ပုဒ်ဖြစ်သော အဆိုတော်မွန်းအောင်၏ ” သွေးသစ္စာ” သီချင်းသီဆိုမှုနှင့် ” စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး” ” အရေးတော်ပုံအောင်ရမည်”
နှင့် ” အမေစုနှင့်သမ္မတကြီးချက်ချင်းလွှတ်” ဆိုသော သံပြိုင်းကြွေးကျော်သံများကို ထောင်အပြင်ဘက်မှရိုက်ကူးသော ဗီဒီယိုတွင်ကြားကြရသည်။
သီးသန့်ထောင်တွင်းမှစတင်သော သပိတ်ကြောင့် အချိန်တိုအတွင်း စစ်ကားများထောင်ဝင်းထဲဝင်ရောက်သွားသည်ကို မြင်တွေ့ခဲ့ကြရသည်။
ရုပ်သံကြည့်ရန်(၁)
ရုပ်သံကြည့်ရန်(၂)
ရုပ်သံကြည့်ရန်(၃)
လက်ရှိ အင်းစိန်ထောင်တစ်ခုလုံးအား စစ်တပ်က လုံခြုံရေးအပြည့် ချထားသည်။
အင်စိန်ထောင်၏ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက “ ကိုယ်တို့ဘက်မဟုတ်ဘူး။ ဟိုဘက်မှာ ဖြစ်တာပဲ ” ဟု မဇ္ဈိမ၏မေးမြန်းမှုကို ဖြေကြားသည်။
ယခု အင်းစိန်ထောင်သပိတ်ကို နိုင်ငံရေးအကျဉ်းသားများအား သီးသန့်ထားရှိထားသော သီးတွင်းခေါ် ထောင်အငယ်လေးတွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ထိုနေရာတွင် နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်ရှိနေသည်။