ဗဟုသုတ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားတွင် မကြုံစဖူး တောမီးလောင်ကျွမ်းမှုနှင့် ရင်ဆိုင်နေရ

ဇူလိုင် ၂၂

ရုရှားနိုင်ငံ ဆိုက်ဘေး‌ရီးယားဒေသ အရှေ့ပိုင်း ဝေးလံသောအရပ်ရှိ တာယွတ် ကျေးရွာမှ လူငယ်ရွာသူရွာသားများမှာ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မနက်ခင်းတိုင်းနှင့် ညနေတိုင်းတွင် အဆိုင်းခွဲပြီး ကျေးရွာအနီးဝန်းကျင်ရှိ တိုင်ဂါ သစ်တောသို့ ဦးတည်သွားရောက်ခဲ့ကြပြီး အမြင်အားဖြင့် ဖြစ်နိုင်ခြေမရှိသည့် တာဝန်တစ်ခုကို လုပ်ဆောင်ခဲ့ကြရသည်။

ယင်းမှာ အရှိန်ပြင်းထန်စွာ လောင်နေသော တောမီးများကို ငြှိမ်းသတ်ရန် ဖြစ်ပြီး ထိုတောမီးများမှာ တစ်လကြာ လောင်ကျွမ်းနေခဲ့ပြီး ရွာဘက်သို့ ပိုမို နီးသထက် နီးလာနေကာ ယင်းတောမီးများကြောင့် ကျေးရွာကိုလည်း ညှော်နံ့ပါသော မီးခိုးမြူများဖြင့် ဖုံးလွှမ်းပိတ်ဆို့စေလျက် ရှိသည်။

လက်ရှိအချိန်အထိ အနည်းအကျဉ်းမျှသာ အလုပ်ဖြစ်ထားသေးသည်။ မှတ်မိသလောက် အဆိုးဝါးဆုံး တောမီးရာသီတစ်ခု အတွင်း ဒေသခံများသည် ၎င်းတို့ ကျေးရွာကို အဆုံးစွန် ကာကွယ်သွားမည်ဟု သိန္နိဋ္ဌာန်ချထားပြီး ကလေးငယ်များကို မီးခိုးမြူများမှ ကာကွယ်ရန် အဝေးအရပ်သို့ ပို့ဆောင်ထားကာ ၎င်းတို့ကမူ မီးတောက်များကို တိုက်ထုတ်ငြှိမ်းသတ်ရန် ရွာတွင် ဆက်နေကျန်ရစ်ခဲ့ကြသည်။

“မီးခိုးတွေကြားထဲမှာ ဘာဆိုဘာမှ မမြင်ရတာဆိုရင် တစ်လလောက်တောင် ရှိနေပါပြီ” ဟု အိုမယာကွန်စကီး အရပ်ရှိ ကျေးရွာတစ်ခုဖြစ်သည့် တာယွတ်မှ အသက် ၆၃ နှစ်အရွယ် ပင်စင်စားတစ်ဦးဖြစ်သည့် ဗာဗာရာက ပြောသည်။ “ကလေးငယ်တွေကို အဝေးကို ပို့ထားပြီးပါပြီ၊ တောမီးတွေက တော်တော့်ကို နီးကပ်နေပါပြီ၊ ကျွန်‌မတို့ ရွာနဲ့ ၂ ကီလိုမီတာ (၁ ဒသမ ၂ မိုင်) အကွာ ရောက်နေပါပြီ” ဟု ၎င်းက ပြောသည်။

ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော တောမီးများက ဆိုက်ဘေးရီးယား အရှေ့မြောက်ဘက်ရှိ မြေဟက်တာ ၁ ဒသမ ၅ သန်း ( ဧက ၃ ဒသမ ၇ သန်း) ကို လောင်ကျွမ်းထားခဲ့ပြီး ဖြစ်ပြီး ယင်းသည် ရုရှား၏ ယာကူတီးယား ဒေသတစ်ခွင် အသက်ရှု မွန်းကျပ်စေသော မီးခိုးမြူများကို ထုတ်လွှတ်ထားခဲ့ပြီး ဖြစ်သည်။

ယာကူတီးယား ဒေသတွင် ယခု နွေရာသီ ရာသီဥတုသည် ပြီးခဲ့သည့် နှစ်ပေါင်း ၁၅၀ အတွင်း အခြောက်သွေ့ဆုံးအဖြစ် တာဝန်ရှိသူများက ထုတ်ဖော်ထားသည်။ ထို့ပြင် ယင်းမတိုင်မီကလည်း ငါးနှစ်တာ ပူပြင်းသော နွေရာသီများ ကြုံတွေ့ထားခဲ့ပြီးနောက် ယခုအခါ အနီးဝန်းကျင် သစ်တောများနှင့် ကွင်းပြင်များမှာ မီးမွှေးရန် လောင်စာတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်ထားခဲ့ကြောင်း ရွာသားများက ပြောသည်။

ယခုအပတ်တွင် ၎င်းတို့ ဒေသတွင် မိုးရွာခဲ့ခြင်းက ၎င်းတို့၏ အဓိက မျှော်လင့်ချက် ဖြစ်ခဲ့ကြောင်း ဗာဗာရာက ပြောသည်။ အဆိုပါ ‌ဒေသသည် ယာကွတ်စ်ခ် မြို့မှ မိုင် ၄၀၀ ကျော်အကွာတွင် တည်ရှိပြီး အဓိကအားဖြင့် ဖြတ်သန်းသွားလာရန် မဖြစ်နိုင်သော တိုင်ဂါ သစ်တော သို့မဟုတ် နှင်းသစ်တောများ ရှိနေသည်။

“အရေးပေါ် လုပ်သားတွေလည်း လာကြတယ်၊ ရွာသားတွေကလည်း မီးကို ငြှိမ်းသတ်နေကြတယ်၊ ဒါပေမယ့် သူတို့ မီးကို မငြှိမ်းနိုင်သေးဘူး၊ မတားဆီးနိုင်‌သေးပါဘူး” ဟု သူမက ဖုန်းဖြင့် ပြောသည်။ “အရာအားလုံး လောင်ကျွမ်းနေပါတယ်”

ကျေးရွာ ၅၀ ကျော် မီးခိုးမြူများဖြင့် ဖုံးလွှမ်းထားခဲ့ပြီး ယင်းမီးခိုးမြူများကြောင့် အခါအားလျော်စွာ ဆိုသလို ယာကူတီးယား၏ အဓိက လေဆိပ်၏ လည်ပတ်မှုများကို ရပ်တန့်စေခဲ့သလို မြစ်ကြောင်းသွားလာမှုများအပေါ်တွင်လည်း ပျက်ပြား‌စေခဲ့သည်။

မကြုံစဖူးသော တောမီးလောင်မှု အတိုင်းအတာကြောင့် ဒေသခံများကို အရန် မီးသတ်ဌာနများတွင် ပူးပေါင်းလုပ်ဆောင်စေရန် အကြောင်းဖန်စေခဲ့သည်။

“ဒီမှာ ကျွန်တော်တို့ရဲ့အိမ်တွေ၊ သစ်တောတွေ၊ ပြည်သူတွေ ရှိပါတယ်” ဟု ယခုနှစ်တွင် ပထမဆုံးအကြိမ် စေတနာ့ဝန်ထမ်းအဖြစ် မီးသတ်ဌာနတွင် ပူးပေါင်းပါဝင်ခဲ့သည့် ယာကွတ်စ်ခ်မြို့ခံတစ်ဦးဖြစ်သည့် အိုင်ဗန် နီကီဖိုရော့ဗ်က ပြောသည်။ “ကျွန်တော်တို့ အမျိုးအဆွေတွေ မီးခိုးမြူတွေ ရှုရှိုက်နေရချိန် ကျွန်တော် ဒီတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

“ဒါက ထူထပ်ပိတ်မှောင်နေတဲ့ အဝါ‌ရောင် မီးခိုးတွေပါ” ဟု နီကီဖိုရော့ဗ်က ယာကွတ်စ်ခ်မြို့မှ ၁၀၀ ကီလိုမီတာအကွာရှိ ရွာတစ်ရွာဖြစ်သော မာဂါရက်စ်အနီး တောမီးများကို ရည်ညွှန်းပြောသည်။ “ဒေသခံတွေ ဒါကို ဘယ်လိုများ တောင့်ခံနေကြသလဲ ကျွန်တော် မသိပါဘူး၊ ဒါတွေက ရေရှည်ကျရင် ကျန်းမာရေး ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်၊ လူတွေဟာ စိတ်မချမ်းမသာဖြစ်နေသလို ဒေါသလည်း ထွက်နေပါတယ်” ဒီ အခြေအနေကို ဒီလို ဖြစ်လာစေခွင့် မပြုခဲ့သင့်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။