ဗဟုသုတ

စစ်တပ်ပိုင် ကန်သာယာဆေးရုံမှ ဝန်ထမ်းများ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်

ရန်ကုန်မြို့ အင်ယားကန်စောင်းရှိ ကန်သာယာဆေးရုံမှ ဝန်ထမ်း ၃၅ဦးတွင် ကိုဗစ်ကူးစက်ခံနေရကြောင်း အဆိုပါဆေးရုံမှဝန်ထမ်းများအပြောအရ သိရသည်။

ကန်သာယာဆေးရုံမှာ လက်ရှိ ဝန်ထမ်း၂၀၀ဦး ခန့်ရှိပြီး ကူးစက်ခံရသူများတွင် သူနာပြုဌာန ၊ ငွေစာရင်းဌာန၊ ဧည့်ကြိုဌာန၊ အရေးပေါ်ဌာနနှင့် ဆေးဆိုင်တို့မှဝန်ထမ်းများ အများဆုံးပါဝင်သည်ဟု သတင်းရင်းမြစ်ကပြောသည်။

ဇူလိုင်လ အစပိုင်းတွင် ဆေးရုံဝန်ထမ်းကြိုပို့ကားမောင်းသူ ခုနှစ်ဦးတွင် ကိုဗစ်စတင် ကူးစက်ခံရပြီး နောက်ပိုင်းမှာ ကူးစက်မှု များလာခြင်း ဖြစ်သည်ဟုဆိုသည်။

“အခုလိုတွေ ဖြစ်နေတာကို ကာကွယ်ရမယ်ဆိုတဲ့ စိတ်လည်း မရှိဘူး။ ဆေးကုသမှုလည်း သေချာမလုပ်ပေးဘူး။ တစ်ချို့လူတွေဆို ကိုဗစ်တောင်မစစ်ပေးဘူး။ အနံ့ပျောက်တာလောက်ဆိုရင် နားခိုင်းလိုက်တာတွေပဲ ရှိတယ်။ ဘာဆို ဘာမှ မလုပ်ပေးဘူး”ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

ကိုဗစ်ကူးစက်ခံရပြီး ရောဂါပြင်းထန်သော ဝန်ထမ်းများကို ကန်သာယာဆေးရုံ၏ လေးလွှာမှာထားရှိပြီး ရောဂါလက္ခဏာမပြင်းထန်သူဟု သတ်မှတ်သူ ( အနံ့မရသူနှင့် ချောင်းဆိုးသူ) အချို့မှာ အလုပ်ဆင်းရမြဲဖြစ်သည်။ ဝန်ထမ်းအင်အားလုံလောက်မှုမရှိသဖြင့် အလုပ်ဆင်းခိုင်းခြင်းဖြစ်သည်ဟု မဇ္ဈိမက သိရသည်။

ကန်သာယာဆေးရုံကို စစ်တပ်အတွက် ငွေရှာသည့် ဦးပိုင်ဟုလူသိများသည့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် ( MEC ) က ပိုင်ဆိုင်သည်။

ဗွီအိုအေမြန်မာပိုင်းအစီအစဉ်တွင် ဆောင်းပါးရှင်ဦးအောင်ခင်က မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ဦးစီးဌာန (DICA) ကို ဦးပိုင်က ၂၀၂၀ ဇန်နဝါရီလကတင်သွင်းသောအစီရင်ခံစာကိုကိုးကား၍ ရေးသားထားရာတွင် ဦးပိုင်တွင် အစုရှယ်ယာဝင်အဖြစ် စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်း ၃၈၁,၆၃၆ ရှိပြီး တိုင်းစစ်ဌာနချုပ်၊ တပ်ရင်း၊ တပ်မ၊ စစ်မှုထမ်းဟောင်းအသင်း အဖွဲ့အစည်း ၁,၈၀၁ ကလည်း အစုရှယ်ယာပိုင်ဆိုင်ကြသည်။ ၂၀၁၁ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစုရှယ်ယာ ငါးသိန်းပိုင်ဆိုင်၍ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ရရှိသွားသည်ဟု ပါရှိသည်။

တပ်ထောက်ချုပ်အပါအဝင် စစ်ဘက်ခေါင်းဆောင်များလာလေ့ရှိသည့် ကန်သာယာဆေးရုံတွင် ဝန်ထမ်းများကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ရန်တားမြစ်ထားသည်။ ဝန်ထမ်းတစ်ဦး၏ စက်ဘီးတွင် လက်သုံးချောင်းထောင်သော စတစ်ကာကပ်ထားမှုကြောင့် ဆေးရုံအာဏာပိုင်များက ခေါ်ယူသတိပေးခဲ့ခြင်းရှိခဲ့သည်။

ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကုသမှုခံယူနေသူ နှစ်ဒါဇင်ကျော်ရှိနေပြီး ပြင်ပမှလာရောက်ကုသသူ နေ့စဉ် ၇၀ ကျော်ရှိသည်။

“ဆေးရုံက ပိတ်သင့်တဲ့ အနေအထားကို ရောက်နေပြီ၊ ကိုဗစ်မဖြစ်တဲ့ လူနာတွေကိုလည်း ကူးမှာစိုးရိမ်တယ်၊ ကိုဗစ်ဖြစ်နေတဲ့ သူတွေကို သီးသန့်ထားစေချင်တယ်၊ ကောင်းနေတဲ့ သူတွေနဲ့ ရောမထားစေချင်ဘူး၊ အခုလို ရောထားတာ အကုန်ကူးကုန်တာပေါ့”ဟု ဝန်ထမ်းတစ်ဦးကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆေးရုံကို ဗုံးခွဲတိုက်ခိုက်မှာကိုကြောက်ရွံ့၍ သူနာပြုများ၊ ဧည့်ကြိုများ၊ ငွေကိုင်များ၊ ဆေးဆိုင်ဝန်ထမ်းများနှင့် ရုံးပိုင်းဝန်ထမ်းတွေပါ မကျန် ကင်းစောင့်ခဲ့ကြရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ရှိသည့် ရှစ်ထပ်ခွဲ အဆောက်အဦ ကန်သာယာဆေးရုံကို ၂၀၁၇ ဒီဇင်ဘာ ၂၆ ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး တပ်ချုပ် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့သည်။