News

“ရေကြီးမှုကြောင့် ဆည်တွေ အချိန်မရွေး ပြိုကျနိုင်တယ်လို့ သတိပေးထားတဲ့ တရုတ်နိုင်ငံ အခြေအနေ”(ရုပ်သံ)

ဇူလိုင် ၂၁

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ဒေသတွင်း၌လည်း အသွားအလာများ ပြတ်တောက်နေရသည့် မိုး ပြင်းပြင်းထန်ထန် သည်းထန်ခြင်းကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးမှု ဖြစ်နေသည့် ဆည်တစ်ဆည်မှာ အချိန်မရွေး ပြိုကျမှု ဖြစ်လာနိုင်သည်ဟု စစ်တပ်က သတိပေးသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သွားရေးလာရေးနှင့် အဆက်အသွယ်များ ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်နေပြီး ရေကြီးရေလွှမ်းရာ လမ်းများမှ ဒေသခံများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်နေရသည့် ဟီနန်ပြည်နယ်တွင် အမြင့်ဆုံး သတိပေးချက်အား မိုးလေဝသအာဏာပိုင်များက ထုတ်ပြန်ထားရသည်။

လူဦးရေ ခုနစ်သန်းနီးပါးရှိရာ လျူယန်းမြို့မှ ယီဟီတန်ဆည်၌ မီတာ ၂၀ ကျိုးပေါက်မှု ဖြစ်နေပြီး ‘အချိန်မရွေး ပြိုကျမှု ဖြစ်လာဖွယ်’ ဘေးအန္တရာယ် ရှိနေသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ် ဒေသစစ်ဌာနမှ အင်္ဂါနေ့ ညနေပိုင်းတွင် သတိပေးခြင်း ဖြစ်သည်။

ဖောက်ခွဲမှု ပြုလုပ်ကာ ရေလမ်းကြောင်းလွှဲခြင်းများ အပါအဝင် အရေးပေါ် တုံ့ပြန်ရေးများ ဆောင်ရွက်ရန်အတွက် စစ်သားများကို စေလွှတ်ထားသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ် ဗဟိုစစ်ဌာနချုပ်ရုံးက ဆိုသည်။

“ဇူလိုင် ၂၀ ရက်က ယီဟီတန်ဆည်မှာ မီတာ ၂၀ အရွယ် ကျိုးပေါက်မှု ဖြစ်ခဲ့တယ်၊ မြစ်ကမ်းပါးတွေလည်း အတော်လေး ပျက်စီးနေပြီး ဆည်ဟာ အချိန်မရွေး ဆည်ပြိုကျမှု ဖြစ်လာနိုင်တယ်”ဟု ယင်း၏ ထုတ်ပြန်ချက်၌ ပြောထားသည်။

တရုတ်တွင် မိုးရာသီ၌ ရေကြီးရေလွှမ်းမှုများ ဖြစ်လေ့ရှိပြီး နှစ်စဉ် ရေဘေး ကြုံရကာ လမ်းများ၊ ကောက်ပဲသီးနှံများနှင့် အိမ်များ ရေလွှမ်းပျက်စီးမှုများ ဖြစ်ရသည်။

သို့ရာတွင် မြစ်နှင့် အနီးနား ရေကန်များကြား အဆက်အစပ်ကို ဖြတ်တောက်ပြီး ဆည်များနှင့် ရေကာတာများ အများအပြား တည်ဆောက်ရာမှ နွေရာသီ အပူချိန်ကို စုပ်ယူသော ရေလွှမ်းလွင်ပြင်များ ပျက်စီးရခြင်းကြောင့် ရေဘေးခြိမ်းခြောက်မှုသည် ဆယ်စုနှစ်များအတွင်း ပို၍ ဆိုးလာခဲ့သည်။

အနီးနားက ကျန်ကျို့မြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းချိန်မှစကာ အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးလျက် ရှိနေသည်ဟု နိုင်ငံပိုင် People’s Daily သတင်းအရ သိရပြီး အိမ်များလည်း ပြိုလဲကြောင်း ဖော်ပြထားသည်။

မြို့ရှိ အခြားအရပ်တွင် နံရံပြိုကျ၍ လူ နှစ်ဦး သေဆုံးသည်ဟု ဌာနေမီဒီယာက သတင်းဖော်ပြသည်။

မြို့တွင် သုံးရက်အတွင်း မိုးရွာသွန်းမှုသည် ပျမ်းမျှ တစ်နှစ်တာ ရွာသွန်းမှုနှုန်း ရှိခဲ့ရာ လွန်ခဲ့သည့် နှစ် ၆၀ မှတ်တမ်း စယူသည်မှနောက်ပိုင်း အမြင့်ဆုံး စံချိန်တင် မိုးရွာသွန်းမှုဖြစ်သည်ဟု မိုးလေဝသ တာဝန်ရှိသူများအရ သိရသည်။

အာဏာပိုင်များက ကျန်ကျို့မြို့၏ ရေလွှမ်းမှုကြုံနေသော မြေအောက်ရထားလမ်းများကို ပိတ်ပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့သည်။

လူမှုမီဒီယာပေါ်က အတည်မပြုနိုင်သော ဗီဒီယိုတစ်ရပ်တွင် မြေအောက်ရထားတွဲတစ်တွဲ၌ အချို့ ခရီးသည်များက ထိုင်ခုံများ၌ ထိုင်လျက် ရှိနေပြီး ကျန် ခရီးသည်များက လက်ကိုင်များကို ကိုင်ကာ ရပ်လျက် ရှိနေချိန် ရထားတွဲအတွင်း ရေများ ဝင်ရောက်မြင့်တက်လာသည်ကို မြင်တွေ့ရသည်။

လူသူကင်းမဲ့သည့် မြေအောက်ရထား ပလက်ဖောင်းတစ်ခု၌ ရေလျှံတက် လွှမ်းမိုးနေပုံကိုလည်း နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပြသခဲ့သည်။

သောင်တင်နေသော ရထားများအတွင်းမှ ခရီးသည်များကို ကယ်ထုတ်ခဲ့ရသည့် သတင်းများအား မီးသတ်ဌာနက ဖြန့်ဝေထားသည်ကို CCTV က ၎င်း၏ တရားဝင် Weibo အကောင့်တွင် တင်ခဲ့သော်လည်း ကိုယ်ပိုင်ရေးသားချက် မဖော်ပြထားပေ။

ရထားတွဲမှ အမိုးအပေါက်ကို မီးသတ်နှင့် ကယ်ဆယ်ရေးသမားများက ဖွင့်ပြီး ခရီးသည်များအား တစ်ဦးချင်းစီ ကယ်ထုတ်ပေးခဲ့ကြသည်ဟု ခရီးသည်တစ်ဦးက ၎င်း၏ အကောင့်တွင် ရေးသားသည်။

ရုပ်သံကြည့်ရန် (၁)

ရုပ်သံကြည့်ရန် (၂)

အင်္ဂါနေ့ နေ့လယ်ပိုင်းအထိ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရသူပေါင်း ၁၀၀၀၀ ကျော်ထက်မနည်း ရှိသည်ဟု ပြည်နယ်အာဏာပိုင်များက ပြောပြီး မိုးသည်ထန်ခြင်းကြောင့် ကောက်ပဲသီးနှံ ဧက ထောင်ပေါင်းများစွာ ပျက်စီးကာ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး ပျက်စီးဆုံးရှုံးနေရချိန် ရေလှောင်ကန် ၁၆ ကန်မှာ အန္တရာယ်ရှိသော စိုးရိမ်ရေမှတ်အထိ မြင့်တက်နေသည်ဟု သတိပေးထားသည်။