ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့်သေတယ်လို့ယူဆရတဲ့ အလောင်းတစ်ခုကို လမ်းဘေးတွင် စွန့်ပစ်မှု မနေ့ညပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးလုပ်ကိုင်သူများကပြောသည်။
ဇူလိုင် ၂၀ ရက်နေ့ညပိုင်းက အရှေ့ဒဂုံမြို့နယ် အမှတ် (၂) လမ်းမကြီးပေါ်က သူနာပြုသင်တန်းကျောင်းအနီးတွင် ပလပ်စတစ်နှင့်ထုပ်ပိုးထားသော အမျိုးသမီးရုပ်အလောင်းကို စွန့်ပစ်ခဲ့ ကြခြင်းဖြစ်သည်ဟုဆိုသည်။
မည်သည့်အတွက်သေဆုံးသည်ကိုမသိရနိုင်ဘဲ ကိုဗစ်-၁၉ ကြောင့်သေဆုံးခြင်းဖြစ်မည်ဟု အများက ခန့်မှန်းထားကြသည်။ အဆိုပါရုပ်အလောင်းကို စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့သည်ဟုသိရသည်။
မြို့နယ်အလိုက်ကျန်းမာရေးဌာနက သင်္ချိုင်းလက်မှတ်ထုတ်ရခက်ခဲတာ၊ ည ၆ နာရီနောက်ပိုင်း သုသာန်ကလက်မခံခြင်းတို့၏ နောက်ဆက်တွဲဖြစ်နိုင်သည်ဟု လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဒယ်တာမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာနိုင်ငံမှာ ကူးစက်သူတွေနေ့စဉ်ထောင်နဲ့ချီနေသလို သေဆုံးသူကလည်း ၂၀၀ ကျော်ထိရှိလာကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။
သို့သော် မြေပြင်မှာကူညီပေးနေသော ပရဟိတလူမှုကူညီရေးအသင်းများကတော့ ဇူလိုင် ၂၀ ရက် တစ်ရက်တည်းမှာတင် ရန်ကုန်မြို့မှာ လူ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။