ဗဟုသုတ

KNU တပ်မဟာ (၅) နယ်မြေမှာ ၂ ရက်အတွင်း ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ပြီး စစ်အုပ်စုဘက်က ၁၁ ဦး သေဆုံးခဲ့

KNU တပ်မဟာ (၅) နယ်မြေအတွင်း ဇူလိုင်လ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ နှစ်ရက်တာအတွင်း ပစ်ခတ်မှု ရှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေး သူလေးသတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်းမှာ KNLA ဘက်ကတော့ ထိခိုက်ကျဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ရှစ်နာရီလောက်က ဘားအံမြို့နယ် တကောင်ဘိုးကျေးရွာအုပ်စု၊ မီးပုံးကျေးရွာ အနီးမှာ KNLA တပ်ရင်း (၁) လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေအကြား တစ်နာရီနီးပါးကြာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒေသခံလူထုအတွက် KNU က ပြန်ဖွင့်ပေးလိုက်တဲ့ ဖာပွန်- ကမမောင်းလမ်းကြောကို အာဏာသိမ်း စစ်ကောင်စီနဲ့ BGF ပူးပေါင်းအဖွဲ့တွေက လုံခြုံရေးအကြောင်းပြကာ စစ်ရေးလှုပ်ရှားလာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်နေတာရှိတယ်လို့ KNU တပ်မဟာ (၅) ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့ ပြောကြားချက်ကို ကိုးကားပြီး KIC သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေ အတွင်းမှာ KNU တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ ဇွန်လအတွင်းက တိုက်ပွဲအကြိမ်ရေ ရာချီရှိခဲ့ပါတယ်။