ဗဟုသုတ

ပြင်ဦးလွင်မြို့က ကုသိုလ်ဖြစ် အခမဲ့ စျေးဆိုင်လေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ (၈)ရပ်ကွက်မှာ ကုသိုလ်ဖြစ် အခမဲ့ စျေးဆိုင်လေးကို ဇူလိုင် ၁၃ ရက်က စတင် အကောင်အထည်ဖော်နေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပြည်သူတွေရင်ဆိုင်နေရချိန် စျေးသွားရခက်ခဲနေတဲ့ အိမ်ရှင်တွေ အိမ်နီးနာချင်းတွေကို ကူညီတဲ့အနေနဲ့ ကုသိုလ်ဖြစ် အခမဲ့စျေးဆိုင် အစီအစဉ်ကို စတင်တာပါလို့ အလှူရှင်တစ်ဦးက ပြောပါတယ်။

“မလိုအပ်ပဲ ဈေးကိုလည်း မသွားသင့်ပါဘူး။ အိမ်နီးနာချင်းတွေကို ကူညီတဲ့အနေနဲ့ ကုသိုလ်ဖြစ် ဈေးဆိုင်လေးကို ဖွင့်ထားပါတယ်”

ကုသိုလ်ဖြစ် အခမဲ့စျေးဆိုင်လေးမှာ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ဘူးသီး ၊ချဉ်ပေါင်၊ ဂေါ်ရခါးသီး၊ မုန်ညှင်း၊ ပဲ စတဲ့ သီးနှံမျိုးစုံကို ထားပေးထားပြီး ဆင်းရဲ ချမ်းသာမရွေး လိုအပ်သလောက် ယူနိုင်ပါတယ်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလက မြန်မာနိုင်ငံ နေရာတော်တော်များများမှာ လိုရင်ယူ၊ ပိုရင် လှူ အစီအစဉ် နဲ့ တနေ့တာ စားဝတ်နေရေးအခက်အခဲရှိသူတွေကို လှူဒါန်းတာတွေ ရှိခဲ့ပါတယ်။