News

“မြန်မာတွေကို စင်ကာပူက ပြည်ဝင်ခွင့်ပိတ်တော့မယ်”

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေတာကြောင့် မြန်မာကလာတဲ့ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်တော့မယ်ဆိုပြီး စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာတွေကို ပြည်ဝင်ခွင့်ပိတ်တာအပြင် မကြာသေးခင်ကာလအတွင်း မြန်မာပြည်ကိုသွားထားသူတွေကိုလည်း ယနေ့ ဇူလိုင်လ ၁၅ ရက် ညသန်းခေါင်ကစလို့ ပြည်ဝင်ခွင့် ပိတ်မှာလို့ ဆိုပါတယ်။

ရက်တိုခရီးသွားတွေနဲ့ ရက်ရှည်နေထိုင်ခွင့်ရထားသူတွေသာမက ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း မြန်မာပြည်မှာ ခရီးတစ်ထောက်နားထားဖူးတဲ့ ခရီးသွားရာဇဝင်ရှိသူတွေကို ပြည်ဝင်ခွင့်ရော၊ ခရီးတစ်ထောက်နားခွင့်ပါ ပိတ်မှာဖြစ်ပါတယ်။

ဒါ့ပြင် စင်ကာပူနိုင်ငံကိုလာဖို့ ကနဦးပြည်ဝင်ခွင့်လျှောက် ထားပြီးသားသူတွေလည်း ဒီတားမြစ်ချက်မှာ အကျုံးဝင်မယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

စင်ကာပူကျန်းမာရေးဝန်ကြီးဌာနကတော့ ခရီးသွားတွေဆီကနေ ရောဂါပိုးပါလာတာ၊ နိုင်ငံတွင်းမှာ နောက်ပိုင်းကူးစက်မှုတွေဖြစ်လာနိုင် မယ့် အန္တရာယ်တွေ မရှိအောင် စင်ကာပူရဲ့နယ်စပ် ဝင်ရောက်မှု အစီမံတွေကို ဝန်ကြီး ဌာနစုံပါတဲ့လုပ်ငန်းအဖွဲ့က ပုံမှန်သုံးသပ်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လ ၁၃ ရက်မှာ နိုင်ငံတဝန်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့အပြီးမှာ စင်ကာပူဘက်က အခုလို သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။