News

“ရေဝေးတွင် ယနေ့ အလောင်းများ ရာပေါင်းများစွာ ပုံနေ၍ မိသားစုများ ပြန်ခိုင်းပြီး စုပေါင်း သဂြိုလ်ရန် ကြမ်းပြင်တွင် ချထားရ(ရုပ်/သံ)”

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တိုင်း၊ ရေဝေးသုဿာန်တွင် ယနေ့ ရုပ်အလောင်း ရာပေါင်းများစွာ ပုံနေ၍ မီးသဂြိုလ်စက်က အလျဉ်မီအောင် မသဂြိုလ်နိုင်တော့ဘဲ မိသားစုဝင်များကို ပြန်ခိုင်းပြီး ရုပ်အလောင်းများကို ကြမ်းပြင်တွင် ချထားကာ အစုလိုက် သဂြိုလ်နေရကြောင်း နာရေးကူညီသူများထံမှ သိရှိရသည်။

“ကျနော်က အခု ၄ နာရီခွဲကမှ အသက်ရှုကြပ်ဆုံးသွားတဲ့ အလောင်းကို သွားပို့တာ။ အသက်ရှုကြပ်ပြီး အောက်စီဂျင်မရလို့ ဆုံးတာ။ ကိုဗစ်သံသယလူနာပေါ့။” ဟု ဘိုစိန် ပရဟိတ အဖွဲ့မှ ဦးဘိုစိန်က ပြောသည်။

ဦးဘိုစိန်၏ အဆိုအရ ၎င်း၏ ရှေ့တွင်ပင် စုပုံထားသော အလောင်း တစ်ရာကျော်ရှိသည်ဟုဆိုသည်။

“အလောင်းတွေက ပုံထပ်နေတာပဲ။ ရှေ့မှာလည်း တောက်လျှောက် သဂြိုလ်နေတာကို အလျဉ်မမီတော့တာ” ဟု ဦးဘိုစိန်က ပြောသည်။

ယနေ့ ရေဝေးသုဿာန်တွင် အမေဖြစ်သူ ကိုဗစ်သံသယဖြင့် ကွယ်လွန်၍ သဂြိုလ်ရန် ပရဟိတအဖွဲ့နှင့် သွားပို့ဆောင်ခိုင်းရာတွင် မိသားစုဝင်ပါလာပါက ပြန်ရန် ပြောဆိုပြီး အလောင်းထားခဲ့ရန် သုဿာန်တာဝန်ရှိသူတချို့က ပြောဆိုကြောင်း သိရှိရသည်။

“သူတို့ပြောတာတော့ တစ်လောင်းချင်းစီ မသဂြိုလ်နိုင်တော့ဘူး။ အလောင်းအရမ်းများတော့ အလောင်းတွေကို စုပြီး မီးသဂြိုလ်မယ်။ အဲဒီတော့ ကိုယ့် မိသားစုဝင် အလောင်းအလှည့်ရောက်ဖို့က ကြာမယ်။ ရောက်ရင်လည်း အခြားအလောင်းတွေနဲ့ ပေါင်းပြီး သဂြိုလ် မယ် အဲဒီလိုပြောတယ်။ အလောင်းထားခဲ့လိုက်ရတယ်။ ကြမ်းပြင်ပေါ်မှာပဲ ချထားခဲ့လိုက်ရတယ်လို့ပြောတယ်” ဟု နာရေးရှင်တစ်ဦးက ဆိုသည်။

ရုပ္သံၾကည့္ရန္

မီးသဂြိုလ်စက်ရှေ့တွင် အလောင်းများထားရန် နေရာမရှိတော့၍ နာရေးကားပေါ်တွင် အလောင်းများကို တင်ထားပြီး စောင့်ဆိုင်းနေရမှုများလည်း ရှိနေကြောင်း နာရေးကူညီသူများက ဆိုသည်။