NP News – ဇူလိုင် ၁၃
ဦးဇေသီဟနှင့် သရုပ်ဆောင် နန္ဒာလှိုင်တို့ ဇနီးမောင်နှံသည် တစ်ရက်လျှင် ၄ဝ လီတာဆန့် အောက်ဆီဂျင်အိုး အ လုံး ၂ဝဝ ထုတ်ပေးနိုင်မည့်စက်ကို မှာယူထားပြီးဖြစ်ကာ လာမည့်နှစ်ပတ်ကျော်အတွင်း စတင်ဖြန့်ဖြူးသွားမည်ဟု ၎င်းတို့က ပြောသည်။
အဆိုပါ အောက်ဆီဂျင်ဖြည့်သွင်းပေးစက်ကို ပေ ၂ဝ ကွန်တိန်နာကားကြီးထဲထည့်ပြီး နေ့စဉ်လိုအပ်ချက်ရှိနေသည့် ရပ်ကွက်၊ မြို့နယ်များထဲသို့ပတ်၍ အခမဲ့ ထည့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ညပိုင်း၌ အဆိုပါယာဉ်ကို ဇေကမ္ဘာဝင်းထဲ ရပ်နားပြီး ဖြည့်ပေးသွားမည်ဖြစ်သည့်အပြင် ၂၄ နာရီနီးပါး လုပ်ဆောင်ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ် ကြောင်း သိရသည်။
“စက်အသစ် 50Nm 3/h ဖြစ်တဲ့ 40L အလုံး ၂ဝဝ ကို နေ့စဉ်ထုတ်နိုင်တဲ့ပမာဏအတွက် ကျသင့်ငွေ သိန်း ၁ ထောင်ဝန်းကျင် ( USD 60000 အောက်) လောက်နဲ့ရသလို အမြန်ဆုံး ၁၇ ရက်နေ့မှာ သင်္ဘောတင် ပေးနိုင်ပါမယ်။ ရန်ကုန်ရောက်တဲ့အချိန်က နောက်လ ပထမအပတ်မှာတင် စရောက်ပြီး စတင်ဖြန့်ဖြူးနိုင်ပါလိမ့်မယ်” ဟု ဦးဇေသီဟက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြထားသည်။
၎င်းတို့အနေဖြင့် 50Nm3/h Medical Oxygen Plant အတွက် ဇေကမ္ဘာစက်မှုဇုံထဲက KTK Electrical Engineering Co.,Ltd နှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံမှ မှာယူခဲ့ပြီးဖြစ်ပြီး အောက်ဆီဂျင်စက်ရုံ ဝယ်ယူ လှူဒါန်းလိုသူများအနေဖြင့် ဈေးကွက်ကို သေချာ လေ့လာစုံစမ်းစေလိုကြောင်း ဦးဇေသီဟမှ အကြံပြုထားသည်။
လက်ရှိအနေအထားအရ အမြန်ဆုံးနဲ့ လူတွေ ပိုပြီးအကျိုးရှိစေမယ့်အချက်ကို အဓိကထားလုပ်ဆောင်လျက်ရှိပြီး နောက်ထပ် ခြေလှမ်းတွေအတွက်လည်း ကြိုးစားလျက်ရှိသလို အမြန်ဆုံးရောက်အောင် ကြိုးစားနေသော်လည်း ယခုမှစတင်ခြင်းဖြစ်သည့်အတွက် စောင့်ဆိုင်းနေရသည်ကို အားနာမိပါကြောင်း၊ ပြည်သူအားလုံး စိတ်မလျော့ကြစေလိုကြောင်း သရုပ်ဆောင် နန္ဒာလှိုင်က အားပေးစကားဆိုထားသည်။
နန္ဒာလှိုင်တို့ မိသားစုသည် အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်နေစဉ်အတွင်း ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင် အမှန်တကယ်လိုအပ်ပြီး ငွေကြေးမတတ်နိုင်သည့်သူများအတွက် ရွှေ့ပြောင်းလွယ် Oxygen Concentrator များကို အခမဲ့ငှားပေးလျက်ရှိသည့်အပြင် နန္ဒာလှိုင်၏ ညီမနှင့် မောင်ဖြစ်သူ ဒေါက်တာ မြတ်စံပယ်လှိုင်နှင့် ဒေါက် တာစိန်ဖြိုးလှိုင်တို့သည် ဖုန်းမှတဆင့် ကိုဗစ်ကုသရေးအတွက်အကြံပေးလျက်ရှိသည်။
#NPNews
_ Songhnin Phyu