ဝါရင့်သရုပ်ဆောင် ဦးလူမုန်း ယနေ့ ကွယ်လွန်
ဧရာဝတီ၊ ဇူလိုင် ၁၄ ၊ ၂၀၂၁ ။
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများစွာမှာ ပါဝင်ခဲ့တဲ့ ဝါရင့် သရုပ်ဆောင် ဦးလူမုန်းဟာ ယနေ့၊ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
“၁၄-၇-၂၀၂၁၊ ညနေ ၃း၃၀ အချိန် ဦးလူမုန်းတယောက် နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူပါတော့ ဘော်ဒါကြီး ဦးလူမုန်းရေ”လို့ သရုပ်ဆောင် ဦးဝင်းမြိုင်က စိတ်မကောင်းစွာ ဆိုပါတယ်။
“တနေ့ကတောင် သမီး ငါ့ကို အောက်ဆီဂျင်တအိုးလောက် ရှာပေးပါတဲ့။ သမီး ဘာရေးတင်တင် စနောက်ပြီး နေခဲ့တာ။ သမီး အဖေကြီး လိုချင်တဲ့ အောက်ဆီဂျင် မရှာပေးလိုက်နိုင်ဘူး။ တောင်းပန်ပါတယ်နော်”လို့ သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်က ဝမ်းနည်းစွာ ဆိုပါတယ်။
ကိုလူချောအဖွဲ့မှ သရုပ်ဆောင် ဦးလူမုန်းဟာ ဒါရိုက်တာ အောင်ကိုလတ်နဲ့ ညီအစ်ကို တော်စပ်သူဖြစ်ပြီး၊ လူမုန်းဟာ အဆိုတော် ထူးအိမ်သင် သီဆိုတဲ့ “ခေါင်းလောင်းလေးတွေ မြည်နေပြီ” သီချင်းအား ရေးစပ်ခဲ့သူ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဧရာဝတီ/ Lu Mone’s Facebook