ဗဟုသုတ

ရွှေရောင်နှလုံးသားနဲ့ အလောင်းထမ်းခဲ့သူ မေပုရစ် (သို့မဟုတ်) လေးမြို့သူ နီလာစိုး

လိမ္မော်ရောင်အင်္ကျီနဲ့ အမဲရောင် ဘောင်းဘီအရှည် ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ လူသေအလောင်းထည့်ထားတဲ့ အခေါင်းတွေကို နာရေးကားပေါ်ကသယ်ယူပြီး သုသာန်ဇရပ်မှာချကာ အသုဘလိုက်ပါ ပို့ဆောင်လာသူတွေကို သရနဂုံတင်ပြီးတဲ့အထိ စောင့်ဆိုင်းကြပြီး ဇရပ်ထဲက အခေါင်းကို လက်တွန်းလှည်းပေါ်တင်ကာ မီးသင်္ဂြိုလ်စက်ဆီ ပို့ဆောင်နေကြပါတယ်။

ပုံမှန်ဆိုရင် လူထည့်ထားတဲ့အခေါင်းတွေ၊ လူသေအလောင်းတွေကိုယောကျ်ားတွေကသာ သယ်ယူပြီး မြေမြှပ်၊ မီးသင်္ဂြိုလ်ပေးတာကို တွေ့ရပေမယ့်စစ်တွေမြို့ပေါ်မှာတော့ အမျိုးသမီးငယ်တစ်စုဟာ အပြုံမပျက်ဘဲသာရေး၊ နာရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေကြတာလည်းဖြစ်ပါတယ်။

သူတို့တွေဟာ အခုလို ယောကျ်ားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီးနာရေးတွေမှာ ကူညီဆောင်ရွက် ပေးနေတာဟာ အစပိုင်းမှာတော့ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင် ကဲ့ရဲ့တာတွေကို ခါးသီးစွာခံခဲ့ကြရပါတယ်။

အခုလို ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ကျော်ဖြတ်ပြီး ပရဟိတအလုပ်ကိုတစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတွေကတော့ တခြားသူတွေမဟုတ်ပါဘူး။

စစ်တွေမြို့အခြေစိုက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) က အမျိုးသမီးတွေပဲဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးတွေထဲမှာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာကအသက် ၂၃ နှစ်အရွယ် မနီလာစိုး တစ်ဦးလည်း အပါဝင်ဖြစ်ပါတယ်။

နီလာစိုးဆိုတာ သူ့ရဲ့အမည်ရင်းဖြစ်ပြီး ပရဟိတတာဝန် ထမ်းဆောင်ချိန်မှစပြီးမေပုရစ်လို့ သူ့ကိုခေါ်ကြပါတယ်။

မနီလာစိုး နာရေးတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ကူညီဆောင်ရွက်ခဲ့ တဲ့အချိန်ကဆိုရင် ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေကို ခံစားခဲ့ရတဲ့အကြောင်း အခုလိုပြောပြရှာပါတယ်။

“ ကျမတို့ အလုပ်က လူကိုကူညီတယ်ဆိုတော့ အားလုံးအစုံပါတယ်။

သာရေး၊ နာရေးတွေက အစပေါ့။

ကျမက နာရေးမှာ တာဝန်ယူပြီး ကူညီပေးတယ်။

နာရေးလုပ်တော့ ရွာမှာက အယူအဆရှိတယ်။

မိန်းမတွေ နာရေးမှာ လုပ်တာတွေ မရှိဘူးပေါ့။

ကျမ နာရေးမှာ လုပ်တဲ့အချိန်က ရွာက လူတွေပြောကြတာပေါ့။

နင့် သမီး ပရဟိတ လုပ်နေတာက (လူသေ) အလောင်းတွေပဲ ထမ်းနေတာလို့ ပြောကြတယ်။

ဘာမှ မဟုတ်ပါဘူးဆိုပြီး လှောင်ပြောင်တဲ့ ပုံစံမျိုးပေါ့” လို့ မနီလာစိုးက ပြောပါတယ်။

အခုလို ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေကိုခံစားခဲ့ရတဲ့ မနီလာစိုးဟာမွေးရပ်မြေဇာတိဖြစ်တဲ့ သူမရဲ့ ရွာကလေးကိုတောင် မသွားချင်တော့တဲ့အထိ စိတ်ဓာတ်တွေကျခဲ့ရသလို၊တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ အနေအထားအရ နာရေးလုပ်မယ်ဆိုရင် ယောကျ်ားတွေကတောင် နင်တို့လုပ်နိုင်မှာ မဟုတ်ဘူး၊ ကိုင်နိုင်မှာ မဟုတ်ဘူးဆိုပြီး အထင်အမြင်သေးကြတာတွေ၊ နာရေးလုပ်တဲ့ မိန်းကလေးဆိုပြီး စကားမပြောချင်ကြတာကိုလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

မနီလာစိုးဟာ မြန်မာစာမေဂျာနဲ့ ဘွဲ့ရရှိသူတစ်ဦးဖြစ်သလို ပရဟိတအသင်းကို မဝင်ရောက်မီအချိန်က စစ်တွေ မြို့ရှိ ပုဂ္ဂလိက ဘော်ဒါဆောင်တစ်ခုမှာ အလယ်တန်း ကျောင်းဆရာမအဖြစ် တစ်နှစ်နီးပါးလုပ်ကိုင်ခဲ့ပါ သေးတယ်။

အဲဒီနောက်မှာတော့ သူဟာ ကျောင်းဆရာမ အလုပ်ကို စွန့်လွှတ်ပြီး ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ကို ၂၀၁၉ ခုနှစ် ၁၂ လပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။

လူတွေကို ကူညီချင်တဲ့ စိတ်ကလေးတစ်ခုတည်းနဲ့ အဲဒီပရဟိတအသင်းကို ဝင်ဖြစ်သွားခဲ့တာလို့လည်း မနီလာစိုးက ပြောပြပါတယ်။

“ကိုယ်က နဂိုကတည်းက လူတွေကို ကူညီချင်တဲ့ စိတ်ကလေးရှိတယ်ဆိုတော့ ဝင်ဖြစ်သွားတယ်။

သိပ် အများကြီး ပရဟိတလုပ်ချင်တယ်မျိုးလည်း မဟုတ်ဘူး” လို့ သူမက ပြောပါတယ်။

သူမ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ဝင်ဖြစ်သွားတဲ့ နောက်အကြောင်းရင်း တစ်ခုကတော့ လူမှုဆက်ဆံရေး၊ အပြောအဆိုတွေအပါအဝင် လူတွေနဲ့ နေထိုင်ပေါင်းသင်းဆက်ဆံ အတွေ့အကြုံတွေကိုလိုချင်တဲ့ ရည်ရွယ်ချက်လည်းပါဝင်နေပါတယ်။

မနီလာစိုး ဝင်ရောက်တဲ့အချိန်က ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှာ ပရဟိတလုပ်နေကြတဲ့ အမျိုးသမီးတွေက မရှိသလောက်ပါပဲ။

အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ၁၃ ဦးသာ ရှိတာရှိပါတယ်။

သူဟာ အမျိုးသမီးဖြစ်ပေမယ့် အဲဒီဖောင်ဒေးရှင်းက ကူညီပေးတဲ့ သာရေး၊ နာရေးတွေ အကုန်လုံးကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ အဲဒီလိုလုပ်ကိုင်ရတဲ့ အခါမှာလည်း သာရေးတွေလုပ်ရတဲ့အခါ အခက်အခဲတွေမရှိခဲ့ပေမယ့် နာရေးတွေဖြစ်တဲ့ လူသေအလောင်းတွေကို သယ်ယူပြီး မီးရှို့သင်္ဂြိုလ်ပြီးတဲ့အထိ

အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့အချိန်က ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။

လူသေအလောင်းတွေကို သယ်ယူတဲ့အခါမှာလည်း လူသေမျက်နှာကို မမြင်ရအောင် လူသေရဲ့ခြေဘက်ကသာကိုင်ပြီး မျက်နှာကို တခြားတစ်ဘက်ကို လွှဲထားကာ သယ်ခဲ့ရတာတွေရှိတယ်လို့ မနီလာစိုးက ပြောပါတယ်။

“လူသေမျက်နှာတွေကို မြင်သွားရင် တစ်နေ့လုံးအိပ်လို့မရဘူး။ သူ့ကိုပဲ မြင်နေရတယ်။

အဲလို အခက်အခဲတွေ ကြုံခဲ့ရတယ်။

ရိုးရိုးလူသေတာကိုတောင် အဲလိုမျက်နှာမြင်ရတာတွေဖြစ်တယ်။

ရေမြှပ်လို့ အလောင်းတွေပေါ်လို့ သွားပြီးဆယ်တာတွေမှာ အလောင်းတွေက ပုပ်လို့၊ ပုံပျက်ဆင်းပျက်ဆိုရင် ထမင်းမစားချင်တာ၊ ညည့်ဆိုရင်လည်း သူတို့ရဲ့မျက်နှာပဲ မြင်တာတွေဖြစ်ခဲ့တယ်” လို့ သူမ ပရဟိတစလုပ်တဲ့အချိန်က ကြုံခဲ့ရတာကို ပြောပြပါတယ်။

အဲဒီလို ကြောက်ရွံ့မှုတွေနဲ့အတူ စားမဝင်၊ အိပ်မပျော်ဖြစ်ခဲ့ရတာတွေကို တစ်လလောက် ရင်ဆိုင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

နောက်ပိုင်းမှာတော့ လုပ်ဖော်ကိုင်ဖက်စီနီယာတွေနဲ့ ဆရာတွေရဲ့ လမ်းညွှန်၊ သင်ပြ ပြောဆိုမှုတွေကြောင့် သူမလုပ်ချင်တဲ့ ပရဟိတအလုပ်ကို အခက်အခဲမရှိဘဲ ချော့မွေ့စွာလုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ အခုဆိုရင်တော့ အဲလိုမဖြစ်တော့ဘူး။ ကိုယ့်စိတ်ထဲမှာ အဲဒီလူက သေဆုံးနေပြီ၊ ဘာမှလုပ်နိုင်တာမဟုတ်ဘူး ဆိုပြီး နှလုံးသွင်းလိုက်တယ်။

ကိုယ်ကသာ အကောင်းဆုံးလုပ်ပေးလိုက်ရင် အဆင်ပြေသွားမယ်။

ဘဝကူးကောင်းသွားမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ဖြစ်တယ်” လို့ မနီလာစိုးက ပြောပါတယ်။

ပတ်ဝန်းကျင်က အလောင်းထမ်းတဲ့ မိန်းကလေးဆိုပြီး လှောင်ပြောင် ကဲ့ရဲ့ကြတာတွေဟာ နောက်ဆုံးတော့ သူ့ရဲ့မိခင်ဆီအထိ သတင်းတွေ ရောက်သွားခဲ့တဲ့အကြောင်းကိုလည်း မနီလာစိုးက အခုလိုပြောပါတယ်။

“အမေက ဘယ်လောက်ထိပြောလည်းဆိုရင် သူကစာသင်ပေးလိုက်တယ်ပေါ့။

ကျမက မြန်မာစာနဲ့ ဘွဲ့ရပြီး ကျောင်းပြီးထားတယ်။

ဆိုတော့ အမေက နင့်ကို ငါ စာသင်ပေးလိုက်တာက အလောင်းထမ်းဖို့ မဟုတ်ဘူးဆိုပြီးအဲလောက်ထိတောင် ပြောတာ” လို့ သူမက ပြောပါတယ်။

ဒါပေမယ့် သူမဟာ မိခင်ကို သူလုပ်နေတဲ့ ပရဟိတအလုပ်ဟာ လူသေအလောင်းတစ်ခုတည်း ထမ်းရတာ မဟုတ်ဘဲ သာရေး/နာရေးတွေ အားလုံးမှာ ကူညီဆောင်ရွက်ပေးတဲ့အကြောင်းကို နားလည်သဘော ပေါက်အောင် ရှင်းပြခဲ့ပါတယ်။

“နားလည်သဘောပေါက်အောင် ရှင်းပြတဲ့အခါမှာ အမေက သမီးအဆင်ပြေရင် ပြီးတာပဲဆိုပြီးတော့ လက်ခံသွားတယ်”

မနီလာစိုးမှာ မိသားစုသုံးဦးရှိပြီး မိဘတွေကတော့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ နေထိုင်ကြပါတယ်။

လယ်ယာမြေတွေပိုင်ဆိုင်ထားတဲ့အတွက် သူ့ရဲ့မိသားစုဟာ ကျေးရွာအတိုင်းအတာအရ စားဝတ်နေရေး အဆင်ပြေကြဒါကြောင့် မနီလာစိုးဟာ မိသားစုဘက်ကို လှည့်ကြည့်စရာမလိုဘဲသူလုပ်ချင်တဲ့ ပရဟိတအလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင် နိုင်ဖြစ်တယ်လို့လည်းဆိုပါတယ်။

နာရေးတွေကိုကူညီတဲ့ အမျိုးသမီးတွေအတွေက်စိန်ခေါ်မှုတွေ အများကြီးရှိပေမယ့် နောက်ပိုင်းမှာတော့ သူဟာ အဲဒါတွေကို ကျော်လွန်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

“ကျမတို့လုပ်တာကို လူတွေက ယုတ်ညံ့တယ်လို့ သတ်မှတ်တယ်ပေါ့။

သူတို့က ယုတ်ညံ့တဲ့အလုပ်ကို လုပ်တဲ့ မိန်းမဆိုပြီး စကားမပြောချင်ကြပေမယ့် ကျမကတော့ အဲလိုမတွေးဘူး။

သူတစ်ပါးရဲ့ နောက်ဆုံးအခြေအနေ သေရေးမှာ ဝင်လို့ကူညီပေးလိုက်တာက တမန်လွန်ဘဝ အတွက်ကောင်းသွားတယ်။

ပြီးရင် အသုဘဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပြီးသွားတယ်။ အဲတာတွေ မြင်ပြီး ပီတိဖြစ်မိတယ်” လို့ မနီလာစိုးကဆိုပါတယ်။

မနီလာစိုး စလုပ်တုန်းကဆိုရင် ရွာကလူတွေက နာရေးမှာအလုပ် လုပ်တယ်အထင်နဲ့ အထင်အမြင်တွေ လွဲခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့ သူ့ရဲ့ဇာတိရွာကလူတွေ နေမကောင်းလို့ စစ်တွေဆေးရုံကြီးကို ရောက်လာ ကြတဲ့အချိန်တွေမှာတော့ ရွာကလူတွေဟာလည်း သူ့အပေါ်နားလည်သွားတယ်လို့ ဆိုပါတယ်။

“ဆေးရုံတက်ဖို့၊ ဆေးရုံဆင်းဖို့ အခက်အခဲဖြစ်နေတဲ့ သူတွေကို ကူညီပေးတယ်။

ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ပိုက်ဆံတွေကုန်သွားပြီး၊ ဆေးရုံဆင်းစရိတ်မရှိ အခက်အခဲဖြစ်နေတဲ့ သူတွေကို သူတို့ရဲ့ နေရပ်ဆီ ပို့ပေးတယ်။

အဲဒီလို ပရဟိတတွေကို လုပ်ဆောင်ပေးတာကို မြင်တဲ့အခါမှ ရွာကလူတွေက နာရေးတစ်ခုတည်းလုပ်တာ မဟုတ်ဘူးလို့ ပြောကြတယ်။

အားလုံးကူညီပေးတာကို သိသွားကြတယ် ” လို့ မနီလာစိုးက ဆိုပါတယ်။

သူမပါဝင်လုပ်ကိုင်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဟာ ရခိုင်ပြည်အတွင်းက ကျန်းမာရေးကိစ္စတွေ အပါအဝင်၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူနာတွေနဲ့အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွား သူတွေရဲ့ အရေးကိစ္စတွေကို (၂၄) နာရီစလုံး ကူညီဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။

လက်ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှာ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၂၅ ဦးအထိရှိပါတယ်။

အခုအချိန်မှာတော့ မနီလာစိုးဟာ သူရဲ့လူသားတွေအပေါ် ကူညီလိုတဲ့စိတ်နဲ့ ခက်ခဲစွာဖြတ်ကျော်လာခဲ့အတွက် သူ့ရဲ့ ပရဟိတဖောင်းဒေးရှင်းမှာ အမျိုးသမီခေါင်းဆောင်၊ နာရေးပိုင်းမှာလည်း တာဝန်ခံ စတဲ့တာဝန်တွေကို ထမ်းဆောင်နေရပြီဖြစ်ပါတယ်။

“နယ်က လူတွေဆိုရင် ကျမတို့ ကူညီပေးလိုက်လို့ အေးဆေး ရွာပြန်သွားနိုင်တယ်။

သူတို့တွေက ကျမတို့ကို ကျေးဇူးတင်စကားတွေပြောတယ်။

ကျမတို့ အဖွဲ့ရှိလို့ပေါ့ မဟုတ်ရင် ဆွေမျိုးမရှိဘဲ ဒီမြို့မှာ ဘယ်လို အခက်အခဲရှိမလဲဆိုတာ မတွေးရဲဘူးဆိုပြီး ပြောကြတယ်။

အဲလိုဆိုတော့ ကိုယ်က ကူညီပေးလိုက်လို့ သူတို့တွေ အဆင်ပြေသွားရင် ပီတိဖြစ်မိတယ်” လို့ မနီလာစိုးက ပြောပါတယ်။

ပရဟိတအလုပ်ကို စွဲစွဲမြဲမြဲလုပ်လိမ့်မယ်လို့ မထင်ထားခဲ့တဲ့ မနီလာစိုးဟာ အခုအချိန်မှာ

သူတစ်ပါးရဲ့ အခက်အခဲတွေကို ကူညီတဲ့ ပရဟိတအလုပ်ကို အဆုံးထိ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။

သူတို့ ကူညီလိုက်တဲ့အတွက် လူတွေရဲ့ ပါးစပ်ကနေထွက်လာတဲ့ ကျေးဇူးတင်စကားတွေဟာ မနီလာစိုးအတွက်တော့ တန်းဖိုးဖြတ်လို့မရတဲ့ ပျော်ရွှင်မှုတွေလို့ ပြောရမှာဖြစ်ပါတယ်။

“ကိုယ်ကတော့ ပရဟိတစိတ်တော့ရှိတယ်။

ဒါပေမယ့် ဒီလောက်ထိ အဆုံးထိလုပ်ဖြစ်မယ်လို့ ကိုယ့့်ကိုကိုယ် မထင်ထားခဲ့ဘူး။

အခက်အခဲဖြစ်နေသူတွေကို ကူညီလိုက်တဲ့အခါ သူတို့တွေက အဆင်ပြေပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောကြတယ်။ အဲဒီစကားလေးတွေကြောင့် ဆက်ပြီးဝင်ဖြစ်သွားတာ” လို့ မနီလာစိုးက ဆိုပါတယ်။

အခုချိန်မှာတော့ သူမဟာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သလိုအမျိုးသမီးတွေဟာ ယောကျ်ားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီးလုပ်ဆောင်နိုင်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူမဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လူအများရဲ့ လေးစားအားကိုးမှုကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ပရဟိတအသင်းနဲ့အတူ ပါဝင်ကူညီဆောင်ရွက်ရင်း မနီလာစိုးတစ်ယောက် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

အခုလိုပျော်ရွှင်မှုတွေနဲ့အတူ ယောကျ်ားတွေနဲ့တန်းတူ ပရဟိတတွေ လုပ်ကိုင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့တာဟာ မနီလာစိုးတစ်ယောက်တည်း မဟုတ်ပါဘူး။

ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှာ ပရဟိတတွေ လုပ်ကိုင်နေတဲ့ အမျိုးသမီးလူငယ်တွေ အားလုံးဟာလည်း အပါဝင်ဖြစ်ပါတယ်။

တဝီ …. ဝီ မြည်သံနဲ့ အတူ လူနာတင်ယာဉ်တွေ ဖြတ်သွားတိုင်း၊

သုသာန်ဇရပ်ပေါ်မှာ မီးသင်္ဂြိုလ်စက်ကို တွန်းသွားတဲ့ အမျိုးသမီးတွေကို မြင်တိုင်း ဖြူစင်ရိုးသားတဲ့ ရခိုင်အမျိုးသမီးလေးတွေရဲ့ စိတ်ဓာတ်ကို ဖေါ်ပြနေတာကတော့ရွှေရောင်မေတ္တာဖောင်ဒေးရှင်းလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

မနီလာစိုးရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ “ လူအများရဲ့ လေးစားအားကိုးထိုက်တဲ့ သူတစ်ယောက် ပဲဖြစ်ချင်တယ်” လို့ မနီလာစိုးက ပြောပါတယ်။