ဗဟုသုတ

ဇနီးနှင့် သမီးကြီး ထောင် ၃ နှစ် ချမှတ်ခံရသော်လည်း အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု ကိုစိုးဌေး ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၃

ဇနီး မကြည်ကြည်ခိုင်နှင့် သမီးကြီး မသိမ့်စန္ဒီစိုးတို့ကို အကြမ်းဖက်စစ်ကောင်စီမှ ထောင်ဒဏ် ၃ နှစ် မတရားချမှတ်လိုက်ပေမယ့် အကြမ်းဖက် စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးထိတိုက်ပွဲဝင်သွားမည်ဟု မိုးကုတ် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သူ ကိုစိုးဌေးမှ ပြောသညည်။

“ကျနော့် သဘောထားကတော့ ရှင်းပါတယ်၊ လူထုဆီက အာဏာကို မတရားရယူပြီး လုပ်ချင်တာလုပ်နေတဲ့ စစ်ကောင်စီဖြုတ်ချရေး အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ကိုစိုးဌေးမှ ပြောသည်။

တက်ကြွလှုပ်ရှားသူကို ကိုစိုးဌေးအား အကြမ်းဖက်စစ်ကောင်စီမှ တက်ကြွလှုပ်ရှားသူကိုစိုးဌေးအား နေအိမ်၌ ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးနှင့် သမီးနှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်းကိုမူ ဖမ်းဆီးပြီး နှစ်ပတ်ကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

“ဘာပုဒ်မနဲ့ ချတယ်ဆိုတာလည်း သိခွင့်မရဘူး၊ သူတို့ကို ဖမ်းသွားပြီးကတည်းက မိသားစုနဲ့ ပေးမတွေ့ဘူး၊ သူတို့ ရပိုင်ခွင့်မှန်သမျှ ဘာမှမရဘူး၊ အဲဒါက စနစ်တကျနဲ့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ တရားလက်လွတ်လုပ်တာ၊ သူတို့လုပ်ချင်တာ လုပ်တယ်ဆိုတဲ့ အာဏာရှင်စရိုက်ကို အပြည့်အဝ အကောင်အထည်ဖော်နေတာ” ဟု ကိုစိုးဌေးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကိုစိုးဌေး၏ဇနီး မကြည်ကြည်ခိုင်မှာ တအာင်းပါတီရဲ့ မြို့နယ် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သလို ၎င်းတို့၏ သမီးကြီးမသိမ့်စန္ဒီစိုးသည် ဥပဒေအထူးပြု တတိယနှစ်ကျောင်းသူဖြစ်သည်။

ကိုစိုးဌေးတွင် သမီးနှစ်ဦး၊ သားနှစ်ဦးရှိပြီး လက်ရှိအချိန်တွင် သားနှစ်ဦး၊ သမီးငယ် စုထက်ဝိုင်းတို့နှင့်အတူ ကိုစိုးဌေးမှာ စစ်အာဏာရှင်ဖြုတ်ချရေး ဆက်လက်တိုက်ပွဲဝင်ရန်အတွက် တိမ်းရှောင်နေကြောင်း သိရသည်။

“ဒီအချိန်ကာလမှာ ကျနော်တို့အတွက် ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ အဲဒီလိုပဲ ခက်ခဲလေ ကြမ်းတမ်းလေ ကျနော်တို့ရဲ့ ယုံကြည်မှုက ပိုပြီး ခိုင်မာလေဖြစ်ရမယ်၊ အနည်းဆုံးတော့ စစ်ကောင်စီ မပြုတ်ကျမချင်း ကျနော်တို့ သန်မာနေဖို့လိုတယ်” ဟု ကိုစိုးဌေးမှ ဆိုသည်။