ဗဟုသုတ

ဧရာဝတီတိုင်းတွင် PDF တွေကို အကြောင်းပြကာ စစ်ကောင်စီက ပြည်သူ့စစ်များ ဖွဲ့စည်းနေ

ဇူလိုင် ၁၁ ရက်

ဧရာဝတီတိုင်းရှိ မြို့နယ်အများစုတွင် ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ လျှို့ဝှက်ဖွဲ့စည်းခဲ့သည့်နောက် စစ်ကောင်စီကလည်း PDF များရန်ကို ကာကွယ်ရန် မြို့နယ်အလိုက် ပြည်သူ့စစ်များ ဖွဲ့စည်းနေကြောင်း သိရသည်။

ဒေသတွင်း ဗူံးပေါက်ကွဲမှုများကို PDF များလက်ချက်ဟု စစ်က​ငေ်စီက စွပ်စွဲပြောဆိုကာ ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံလူငယ်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို စည်းရုံကာ ရပ်ကွက် ၁ ခုလျှင် အနည်းဆုံး ၁၀ ဦးခန့် ဖွဲ့စည်းထားရှိကြောင်း စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့မြို့မှာ မြို့ပေါ်ရပ်ကွက် ၁ ခုကို ပြည်သူ့စစ်ဖွဲ့ဖို့ အနည်းဆုံး လူ ၁၀ ယောက်ပေးရမယ်ပြောတယ်။ မြို့ပေါ်ရပ်ကွက် တစ်ခုကပဲ လူစာရင်းပေးပြီး ကျန်တဲ့ရပ်ကွက်တွေ ဘယ်သူမှ လူစာရင်းမပေးဘူး။

ရွာဘက်ကတွေမှာတော့ အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေးပြီး စာရင်းတွေကောက်ပြီး စစ်သင်တန်းပေးတယ်”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အင်တာနက်အသုံးပြုဖို့ ခက်ခဲတဲ့ ဒေသတွေမှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက”အမျိုးသားရေးအစ YMBA က၊ YMBA မှန်သမျှ ဌာနေပြည်သူ့စစ်ကို ဝင်ရောက်ကြ”စသဖြင့် ပြောဆိုစည်းရုံမှုတွေပြုလုပ်နေ​ကြောင်း ဒေသခံများက ပြောသည်။

ဝါးခယ်မမြို့နယ်နဲ့ ကပ်လျှက်တည်ရှိသည့် မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စစ်ကောင်စီက ရပ်ကွက်အလိုက် ပြည်သူ့စစ်ယူနီဖောင်း၊ ဦးထုပ်နှင့် ဖိနပ်များ ထုတ်ပေးကြောင်း သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်များ ဖွဲ့စည်းနေသည့်အပြင် စစ်တပ်နှင့်နီးစပ်သောလူငယ်များကိုလည်း စစ်သင်တန်းပေးနေကြောင်း သိရသည်။