ဗဟုသုတ

သုံးခွမှာ အောက်ဆီဂျင်လိုက်ရှာသူတစ်ဦး စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် သေဆုံး

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှာရှိတဲ့ သုံးခွမြို့နယ်ထဲမှာ ဇူလိုင် ၁ဝရက်နေ့က ကိုဗစ်ရောဂါ အတွက် အောက်ဆီဂျင်လိုက်ရှာနေတဲ့ ပြည်သူတစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံရလို့သေဆုံးခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သေဆုံးသူ ကိုဖိုးဆယ်ဆိုသူမှာ ကျပမ်းအလုပ်သမားတစ်ဦးဖြစ်ပြီး ကိုဗစ်အတွက် အောက်ဆီဂျင်ရဖို့ ထွက်ရှာရင်း ဖမ်းဆီးခံလိုက်ရပြီး အခုလိုသေဆုံးတဲ့အထိရိုက်နှက်ခံလိုက်ရတာဖြစ်တယ်လို့ သုံးခွမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းပပမြင့်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်းရေးသားထားပါတယ် ။

” ကိုးဖိုးဆယ်ကို လမ်းလျှောက်နေရင်းပုံစံအချိုးမကျဘူးဆိုပြီးလှမ်းခေါ်တယ် ။ ဒါပေမယ့်သူ့ကိုအထဲမှာ ခေါ်ပြီးရိုက်နေတာလူတွေကမသိဘူး ။ ဘယ်ကျမှသိရလဲဆိုတော့ မြို့နယ်ပြည်သူ့ဆေးရုံက ဝန်ထမ်း တစ်ယောက်ကမခံစားနိုင်လွန်းလို့လှမ်းအကြောင်းကြားတာပါ ။

ဦးနှောက်ထဲမှာ သွေးခဲထားတယ် ကန်ကျောက်ရိုက်နှက်ထားတယ် ။ အဲ့ဒီနေ့မှာပဲ လူငယ်တချိူ့ကိုလည်းဖမ်းဆီးပြီး ရိုက်နှက်တာ တွေလည်းရှိပေမယ့် နောက်တစ်ရက်မှာ ခံဝန်နဲ့ပြန်လွှတ်ပေးတယ် ။ကိုဖိုးဆယ်ကတော့ သေလောက်တဲ့ အထိဖြစ်သွားတယ်လို့” သုံးခွမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဒေါ်ဝင်းပပမြင့်က ဘီဘီစီကိုပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းသုံးခွမြို့နယ်ထဲမှာဆိုရင် NLD ထောက်ခံသူတွေ ၊ ပရဟိတလုပ်သူတွေနဲ့ ၊ CDM ထောက်ပံ့တယ်လို့ယူဆတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပုဒ်မ ၅ဝ၅-ကထုတ်ပြီးဆက်တိုက် ဖမ်းဆီးတာ တွေရှိနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းပပမြင့်ကဆက်ပြောပြပါတယ် ။

” အမေစုပုံချိတ်ရင် ဖမ်းတယ် ၊ ကိုဗစ်အတွက် ပရဟိတလုပ်တဲ့လူတော်တော်များများကို၅ဝ၅ ထုတ်တယ် ။ ကိုဗစ်နဲ့ပတ်သတ်ပြီး စွမ်းစွမ်းတမံလုပ်တဲ့ကျန်းမာရေးဝန်ထမ်းတစ်ယောက်ကိုလည်းဖမ်းဆီးထားတယ် ။ ဖမ်းဆီးတယ် နှိပ်စက်တယ် ၊ ပြန်လွှတ်တယ် အဲ့ဒီလိုမျိုးတွေလုပ်နေတာ “လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းပပမြင့်က ဘီဘီစီကိုပြောပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီကအတည်ပြုမေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။