ဗဟုသုတ

အောက်ဆီဂျင်ကျနေလို့ ဘယ်ဆေးရုံကမှလက်မခံတော့ဘဲ အသက်ဆုံးရှုံးလိုက်ရတဲ့မိခင်အတွက် သူမကိုယ်သူမအပြစ်တင်နေတဲ့ သမီးတစ်ယောက်ရဲ့ခံစားချက်

မြန်မာပြည်သူလူထုကတော့ အခုချိန်မှာ လက်နက်ဘေးနဲ့ ရောဂါဘေးကို ခံစားနေရတာဖြစ်ပါတယ်။လူလတ်တန်းစားတွေအတွက် အစာရေစာငတ်မွတ်ခေါင်းပါးခြင်းနဲ့မကြုံတွေ့ရသေးပေမယ့်လည်း အခြေခံပြည်သူတွေကတော့ ကပ်ကြီးသုံးပါးလုံးကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

လတ်တလောမှာ ကိုဗစ်ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ သေဆုံးလူနာတွေ တစ်နေ့ထက်တစ်နေ့များပြားလာနေတာဖြစ်ပါတယ်။တချို့မိသားစုတွေထဲမှာ ကိုဗစ်ကူးစက်ခံလိုက်ရပြီး ကွယ်လွန်သွားကြတာကြောင့် ကျန်ရစ်သူမိသားစုတွေလည်းဝမ်းနည်းခံစားနေရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ မိန်းကလေးတစ်ဦးက သူမရဲ့မိခင်တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရလို့ သူမကိုယ်သူမအပြစ်တင်ပြီး ဝမ်းနည်းနေရတာဖြစ်ပါတယ်။သူမက မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေရတာကြောင့် သူမလည်းဖျားနာခဲ့ပါတယ်။

သူမဆီကမှတဆင့် အိမ်သားတွေဆီကူးခဲ့ပြီး တစ်အိမ်လုံးနေကောင်းသွားတော့မှ မိခင်ဖြစ်သူကဖျားခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေကြောင့် မိသားစုဝင်တွေလည်း ဆေးရုံတင်ဖို့ချီတုံချတုံဖြစ်နေရပြီး တကယ်သွားတော့လည်း လုံးဝမရတော့လောက်အောင် အောက်ဆီဂျင်ကျနေပြီဖြစ်ပါတယ်။

အောက်ဆီဂျင်ကျနေလို့ ဘယ်ဆေးရုံမှလက်မခံတာကြောင့် မိသားစုဝင်တွေလည်း အိမ်မှာပဲထားရတာဖြစ်ပါတယ်။

သူမတို့ညီအစ်မသုံးယောက်ကတော့ မိခင်ဘေးနားမှာနေပြီး ပရိတ်ကြီး ၁၁ သုတ်ရွတ်ပေးနေကြစဉ် ငြိမ်ကျသွားတာကြောင့် အိပ်ပျော်နေတယ်လို့ထင်ခဲ့ကြတာဖြစ်ပါတယ်။

လုံးဝမလှုပ်တော့မှ ဆရာဝန်ပတ်ရှာခဲ့ပေမယ့် ဆရာဝန်တွေကလည်း မလိုက်လာကြဘူးလို့ စာထဲမှာရေးသားထားပါတယ်။သေဆုံးသွားတာတောင် အတည်ပြုပေးမယ့်လူမရှိလို့ ဖုန်းတွေလိုက်ဆက်ပြီး မေးမြန်းရတာဖြစ်ပါတယ်။

နောက်ဆုံး ခန္ဓာကိုယ်လေးအေးလာတော့မှ အောက်ဆီဂျင်ပိုက်လေးကို ဖြုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီရောဂါဆိုးကြီးကြောင့် မိသားစုဝင်တွေလည်း သေကွဲခွဲနေရတဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်မိပြီး အစစအရာရာဂရုစိုက်နိုင်ကြဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။