ဗဟုသုတ

မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်တစ်အိုး ရအောင်လုပ်ပေးဖို့ မြေပြင်မှာ ဒူးထောက်ရှိခိုးနေသူတစ်ဦးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူများ

လက်ရှိမှာ ကုသဆေး မရှိသေးသသလို ကူးစက်မှုလည်းမြန်ဆန်လွန်းတဲ့ ကပ်ရောဂါဆိုးကြီး Covid-19 ကြောင့် ကမ္ဘာပေါ်မှာ လူပေါင်းများစွာ သေဆုံးနေကြရပါတယ်..။

​ဗီဇပြောင်း Covid-19 တတိယလှိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရောဂါဆိုးကြီးကြောင့် အခုဆိုရင် ပြည်တွင်းမြို့နယ်တော်တော်များများ အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်..။

အောက်ဆီဂျင်ဗူးတွေ ဝယ်မရဖြစ်ကာ လိုအပ်သလောက် အောက်ဆီဂျင်ပြန်ဖြည့်ဖို့အတွက် နေ့စဉ်နဲ့အမျှ တန်းစီစောင့်ဆိုင်းရင်း အသက်ဆုံးရှုံးခဲ့ကြရတဲ့ လူနာတွေလည်း အများအပြားပါပဲ..။

​ကြိတ်ကြိတ်တိုး တန်းစီတိုးဝှေ့နေကြတဲ့ လူအုပ်ကြီးအကြား မိခင်ဖြစ်သူအတွက် အောက်ဆီဂျင်တစ်အိုးလောက်တော့ ရအောင်လုပ်ပေးဖို့ မြေပြင်မှာ ဒူးထောက်ရှိခိုးနေသူတစ်ဦးကြောင့် တွေ့မြင်ရသူတွေက မျက်ရည်ကျရတဲ့အထိ ဝမ်းနည်းခဲ့ကြရပါတယ်..။

အများသူငါတွေလို အောက်ဆီဂျင်ဖြည့်ဖို့ တန်းစီရင်း မျက်ရည်ကျငိုခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ ပရဟိတအဖွဲ့များ ၊ ‌အောက်စီဂျင် စက်ရုံများနှင့် လူနာရှင်မိသားစုတွေရဲ့အဖြစ်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ပြည်သူတစ်ဦးက ဝမ်းနည်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

“ကျွန်တော် ဒီနေ့ လူကြားထဲ မျက်ရည်ကျမိတယ် ။

ကျွန်တော် ယနေ့ ကားပေါ်မှာ ငိုမိခဲ့တယ် ။

အလကားရတဲ့ “ လေ ” လို့ ပြောတဲ့သူကို အခုနေ အောက်စီဂျင် တအိုးသယ်ပြီး လိုက်ရှာ ကြည့်စမ်းပါဗျာလို့သာ ပြောချင်မိပါတယ် ။မလွယ်ကူခဲ့ပါဖူး ၊ လုံးဝကို မလွယ်ကူနေခဲ့ပါဖူး ။

“အမေ့အတွက် တအိုးတော့ ရအောင်လုပ်ပေးပါ ”

ဆိုကာ ကျွန်တော့ရှေ့တင် မြေပြင်မှာ ဒူးထောက် တသောင်းတန် ၂အုပ် မြေမှာချလို့ ရှိခိုးသူလည်း ဒီနေ့ မြင်ခဲ့ရပါပြီ ။

Phone Speaker ဖွင့်ကာ ပြောနေသည်ကို ဘေးက ကြားပြီး မျက်ရည်တွေတွေ ကျရသည်လည်း ယနေ့ ကြုံခဲ့ရပါပြီ ။

“ လေ ” အလကား ရတယ်လို့ ပြောမရတဲ့ ခေတ်ပါ။

Oxygen Plants တွေက ဝန်ထမ်းတွေ၊မန်နေဂျာများ နှင့်စက်ရုံပိုင်ရှင်- သူတို့လည်း မနားကြရပါဖူး ။သောက နဲ့ ဇော ကပ်ကာ အပြေးရောက်လာပြီး မရသေးလို့ အော်ဟစ်သည်ကိုလည်း သည်းခံကြရ ၊လာသူများကလည်း Positive သမားအိမ်တွေကမို့ အတော်ကို ခက်ခဲတဲ့ အခြေအနေတခုကို သူတို့ရှိသမျှ အင်အားစိုက်ထုတ်လို့ ကိုယ်ချင်းစာနာစိတ်နဲ့ ပေးဆပ်ကာ ကြိုးစားထုတ်လုပ်ပေးနေကြပါတယ် ။

သို့သော် စက်ပျက်ခြင်း ၊ မီးပြတ်ခြင်း နှင့် ထုတ်နိုင်စွမ်း နှင့် လိုအပ်ချက် မနိုင်နင်းနေသည်မို့အလွန်ကိုပဲ ရရှိဖို့ရာ ခက်ခဲနေပါတယ် ။

ပရဟိတ အဖွဲ့အစည်း မြောက်များစွာတို့သည်လည်းနေပူမိုးရွာ မရှောင်အားပဲ စက်ရုံများရှေ့ တန်းစီစောင့်အိုးသယ် ချ/တင် ဖြင့် မနားမနေ ထုတ်ယူနိုင်သမျှကြိုးစားရယူပြီး မိမိတို့ကို တောင်းခံသမျှ ကူညီနိုင်ဖို့အစွမ်းရှိသမျှထက် အစွမ်းကုန်ကို ကြိုးပမ်းနေကြသည်ကို မျက်မြင် မြင်ခဲ့ရပါတယ် ။

Oxygen မထောက်ပံနိုင်သဖြင့် ဖုံးထဲကနေ ဝေဒနာသည် မိသားစုရဲ့ ဆဲဆိုပြစ်တင် ကျိန်ဆဲခြင်း ကိုနှလုံးပိုက်တပ်ကာ မျက်ရည်တွေနဲ့ တွေတွေကြီး ငေးငိုင်နေတဲ့ပရဟိတ ညီငယ် တဦးနဲ့လည်း ဆုံခဲ့ရပါသေးတယ် ။

ဒါတွေ ရေးပြနေတာ ခြောက်လှန့်လိုခြင်း လုံးဝ(လုံးဝ) မရှိပါ ခင်ဗျာ ။

လက်ရှိ ပရဟိတအဖွဲ့များ ၊ ‌အောက်စီဂျင် စက်ရုံများနှင့် ဝေဒနာသည်တို့ရဲ့ မိသားစုတွေကြား အဖြစ်ကိုအတိုချုပ် ပြောပြကာ သတိထားနိုင်ဖို့နှင့် ဆင်ခြင်နိုင်စေရန် အတွက်သာ ရေးသား အသိပေးခြင်း ဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း ယနေ့မှ 40 Liters အိုးတလုံးကို အဝေးတနေရာမှ အကိုကြီး တဦးရဲ့လမ်းညွှန် အကူအညီပေးမှုကြောင့် ဝယ်ယူရရှိခဲ့ပြီးOxygen Plants 4 ရုံ ပတ်ပြီးမှ အိုးဖြည့်ခဲ့ရသူပါ ။

မိတ်ဆွေ တို့ ခင်ဗျာ ။

အာရောဂျံ ပရာမံလာဘံ ဆိုသလို ကျန်းမာခြင်းသည်ကအမှန်တကယ်ကို လာဘ်ကြီး တပါးမို့ မိမိကိုယ်ကို မိမိ “ဂရုစိုက် ”ကာ ကာကွယ်‌ နေထိုင်ကြပါ ။

မြန်မာနိုင်ငံသူ/သား အပေါင်းတို့ ကပ်ကြီး ၃ ပါးကျော်လွှားကာ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ဆေးလည်းစွမ်းကာ သမားစစ်တွေ့ရောဂါကင်းပ့ စိတ်ချမ်းသာစွာဖြင့် မိမိအလိုရှိရာ ကောင်းကျိုးများစွာဆောင်ရွက်နိုင်ကြ‌ပါစေ ခင်ဗျာ..” ဆိုပြီး ပြည်သူတစ်ဦးက စိတ်မကောင်းစွာနဲ့ သတိပေးရေးသားပြောပြထားတာ ဖြစ်ပါတယ်..။