ဧရာဝတီ၊ ဇူလိုင် ၉၊ ၂၀၂၁
သွေးကင်ဆာရောဂါ ခံစားနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အကျဉ်းထောင်တွင်း ဆေးရုံတွင် ဆေးကုသခွင့် ယနေ့အချိန်ထိ မပေးကြောင်း ၎င်း၏ရှေ့နေများမှတဆင့် သိရသည်။
ဒေါက်တာဇော်မြင့်မောင်ကို အောင်မြေသာစံမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် အမှုများအတွက် ယနေ့ အိုးဘိုအကျဉ်းထောင်တွင်း တရားရုံး၌ စွဲချက်တင်အမိန့်ချရာ ၎င်း၏ရှေ့နေများအား ပြောပြခဲ့ခြင်း ဖြစ်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတဦးက ပြောသည်။
အဆိုပါ ရှေ့နေက “ဆရာဇော်က ကင်ဆာဆေးတွေ သွင်းနေရတော့ ကျန်းမာရေးက သိပ်မကောင်းဘူး။ သူ့ကိုထားတဲ့ တိုက်ကလည်း မြောက်ဘက်လှည့်ကြီးဆိုတော့ လေမဝင်ဘူး။ ကျန်းမာရေးမကောင်းလို့ ထောင်ဆေးရုံမှာ ကုသဖို့ကိုလည်း ဆေးရုံတက်ခွင့် မပေးဘူး။ ကင်ဆာဆေး သွင်းတာတောင် သူ့အခန်းမှာပဲ လာသွင်းပေးတယ်လို့ ပြောတယ်။ ဟိုတလောက ဆရာဇော် အပါအဝင် ကျန်တဲ့ဝန်ကြီးတွေကော အကုန် Heat Stroke (အပူရှပ်ခြင်း) ဖြစ်ကြတာ။ ကျန်တဲ့သူတွေအကုန် ဆေးရုံတက်ကုသခွင့်ရတယ်။ ဆရာဇော်တယောက်တည်းကိုပဲ ဆေးရုံတက်ခွင့်မပေးဘဲ ချန်ထားခဲ့တယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေါက်တာဇော်မြင့်မောင်အတွက် လိုအပ်သည့် ကင်ဆာဆေးများနှင့် အခြားဆေးဝါးများ ထောင်းထဲသွင်းခွင့် ရသော်လည်း ကျန်းမာရေး အခြေအရ ထောင်ဆေးရုံ တက်ကုသခွင့် မရှိသည့်အတွက် အသက်အရွယ် ကြီးသူတဦး ဖြစ်သည့်အပြင် ကင်ဆာရောဂါ ခံစားနေရသည့်အတွက် စိုးရိမ်မိသည်ဟုလည်း ၎င်းက ဆိုသည်။
မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသည့် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။
ယနေ့ ရုံးချိန်း၌ ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၅/၃၀(က)တို့ဖြင့် တရားရုံးက စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup