News

“ရွှေကူ တိုက်ပွဲမှာ ပြည်သူ့အတွက် အသက်ပေးသွားတဲ့ ဗိုလ်ကြီးနော်ထွန်းအောင် (ခ) မရန်ဆိုင်းနော်”

KIA မှ အာဇာနည် သူရဲကောင်း ဗိုလ်ကြီးနော်ထွန်းအောင် (ခ) မရန်ဆိုင်းနော်(Rest In Power)

၁၀ ၊ ၇ ၊ ၂၀၂၁ ။

ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့ ကချင်ပြည်နယ် ရွှေကူတိုက်ပွဲတွင် KIA မှ အာဇာနည် သူရဲကောင်း ဗိုလ်ကြီးနော်ထွန်းအောင် (ခ) မရန်ဆိုင်းနော် သည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်အတွက် အသက်ပေးသွားခဲ့ကြောင်း သိရသည်။

ရွှေကူတွင် KIA နှင့် PDF ပူးပေါင်းတိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းသေဆုံး၊ စစ်လေယာဉ်ဖြင့် တိုက်၍ KIA နှင့် PDF ၆ ဦးကျဆုံး၊ ကသာတွင်လည်း KIA နှင့် PDF ပူးပေါင်း၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီတပ်များကို KIA နှင့် PDF တပ်များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်းသေဆုံးကြောင်း ကချင်ဒေသသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ရွှေကူမြို့နယ်၊ မြို့လှရွာအနီး ယနေ့ မွန်းလွဲ ၂ နာရီတွင် KIA နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ကြောင်း၊ KIAတပ်ရင်း ၅ နယ်မြေထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးကြောင်း ၊ ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း Kachin State Civilian Movement က သတင်းဖော်ပြသည်။

ယင်းနောက် ညနေ ၄ နာရီတွင် စစ်ကောင်စီတပ်များက တိုက်လေယာဉ် ၂ စီးဖြင့် ရွှေကူမြို့နယ်၊ မြို့လှ ကျေးရွာကို တိုက်ခိုက်ရာ KIA မှ အရာရှိ နော်ထွန်းအောင် အပါအဝင် ၆ ဦးကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိကြောင်း ကချင်သတင်းရင်းမြစ်တချို့က သတင်းဖော်ပြသည်။

အလားတူ စစ်ကိုင်းတိုင်း ကသာမြို့ ကားကြီးကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ယနေ့ ညနေ ၆ နာရီတွင် KIA နှင့် PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲအခြေအနေ ပြင်းထန်ကြောင်း၊ ထိခိုက်ကျဆုံးအခြေအနေ မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။