ဗဟုသုတ

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

နိုင်ငံထဲက ကလေးတွေ စစ်ပြေးနေရချိန်မှာ မင်းကလေး ကိတ်မုန့်ခွဲတဲ့အကြောင်း ဓာတ်ပုံတွေ တင်နိုင်သေးလို့။

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

တနိုင်ငံလုံးက လူတွေ ကိုဗစ်ကြောင့် သေကြေနေတဲ့ အချိန်မှာ မင်းက ကာကွယ်ဆေးထိုးပြီးတဲ့အကြောင်း ဓာတ်ပုံတွေ တင်နိုင်သေးလို့။

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

တနိုင်ငံလုံးက လူတွေ အလုပ်မရှိကြတဲ့အချိန်မှာ မင်းရဲ့ အလုပ်တွေ ကောင်းကြောင်းပြောနိုင်သေးလို့။

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

တနိုင်ငံလုံးက လူတွေ နေ့စဉ် ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရချိန်မှာ၊ မင်းသောက်တဲ့ ကော်ဖီအရသာကောင်းကြောင်းကို ပြောနေနိုင်သေးလို့။

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

တနိုင်ငံလုံးက ကလေးတွေ ကျောင်းဘယ်အချိန်တက်ရမယ် မသိခင်မှာ၊ မင်းကလေးကို ဘယ်လိုကောင်းတဲ့ ကျောင်းမှာနေနိုင်ကြောင်းပြောနိုင်သေးလို့။

သူငယ်ချင်း မင်းကကံကောင်းတာပေါ့

နိုင်ငံထဲကလူငယ်တွေ အသက်တွေရင်းပြီး ရုန်းကန်နေရချိန်မှာ မင်းနေတဲ့ ကမ္ဘာ ဘယ်လောက်သာယာနေကြောင်း ဓာတ်ပုံတွေတင်နိုင်သေးလို့။

သူငယ်ချင်း မင်းကံကောင်းတာကို ဝမ်းသပါတယ်၊ မင်းကံကောင်းကြောင်းကို လူတွေသိအောင်၊ ကြားအောင် facebook ပေါ်မှာတင်နေနိုင်ပေမယ့်၊ မင်းရဲ့ ပုံတွေကိုမြင်နေရတဲ့ သူတစ်ချို လူတွေက မင်းလို ကံမကောင်းကြတော့ဘူးကွာ ။

သူတို့ မှာ မွေးနေ့လုပ်ပေးဖို့ ကလေးတွေ မရှိကြတော့ဘူး။ သူတို့ မှာ ကုစရာဆေး မရှိသလို သူတို့ မိသားစုဝင်တွေလည်း မရှိကြတော့ဘူး။ သူတို့မှာ နိုင်ငံအတွက် တိုက်ပွဲဝင်နေရလို့ အလုပ်တွေ မရှိကြတော့ဘူး။

တကယ်တမ်းတော့ မင်းကံကောင်းကြောင်းကို facebook ကြီးမှာ မင်းမပြောလဲ၊ မင်းရဲ့ကိုယ်စောင့်နတ်က သိပြီးသားပါကွာ။

တစ်ခြားသူတွေရဲ့ဘဝတွေကိုသာ မင်းကမျက်ကွယ်ပြုထားလို့ နာကျင်မှုတွေကို မသိတာပါ။ မင်းလို ကံမကောင်းလို့ facebook ပေါ်မတင်နိုင်ကြတဲ့သူတွေရဲ့ ခံစားချက်ကို မျက်လုံးနဲ့ မကြည့်ပဲ၊ နှလုံးသားနဲ့ ခံစားကြည့်ပြီးမှ မင်းကံကောင်းကြောင်းကို ဆက်ပြောပါ သူငယ်ချင်းရာ။