ဗဟုသုတ

အရုပ်လေးတွေကိုယ်စီပိုက်ရင်း ကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကို ပျော်ရွှင်မှုနဲ့တွန်းလှန်ခဲ့တဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ

စစ်ဘေးရှောင်ပြည်သူတွေရဲ့ဘဝဟာ အဖက်ဖက်ကနေ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

အိုးအိမ်တွေကိုပစ်ပြီး မိသားစုလိုက်ဘေးလွတ်ရာကိုပြေးရာကနေ လမ်းမှာအကြောင်းမလှလို့ မိသားစုနဲ့ကွဲကွာသွားတဲ့အဖြစ်မျိုးတွေလည်း မနည်းတော့ပါဘူး။ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေဟာ အရွယ်နဲ့မလိုက်အောင် ကြောက်ရွံ့မှုတွေ စိတ်ဒဏ်ရာတွေအများကြီး ခံစားနေရသူလေးတွေမို့ အလှူရှင်တွေဟာ ကလေးတွေစိတ်ပျော်ရွှင်အောင် အရုပ်လေးတွေ လှူဒါန်းပေးခဲ့ကြပါတယ်။

အလှူရှင်တွေရဲ့ ချစ်စရာအရုပ်လေးတွေကိုပိုက်ပြီး ပျော်ရွှင်နေတဲ့ ကလေးတွေရဲ့ပုံရိပ်တွေဟာ အရမ်းကိုအပြစ်ကင်းစင်လွန်းပါတယ်။

လမ်းခရီးမှာ အစစ်အဆေးတွေများနေတဲ့ကြားထဲက စစ်ရှောင်စခန်းက ခက်ခဲနေတဲ့ ပြည်သူတွေဆီ အရောက်သွားပြီး လှူဒါန်းပေးတဲ့ ပရဟိတအကျိုးတော်ဆောင်တွေရဲ့ စေတနာနဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်မပြုဘဲမနေနိုင်လောက်အောင်ပါပဲ။

မလုံခြုံတဲ့ပတ်ဝန်းကျင်မှာ ထိတ်လန့်မှုတွေနဲ့နေရတဲ့အပြင် အစားအသောက် အနေအထိုင်လည်းခက်ခဲမယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် တော်တော်လေးကိုဒုက္ခများရမှာပါ။

ဒါကြောင့်လည်း အလှူရှင်တွေဟာ စစ်ရှောင်စခန်းကပြည်သူတွေ စားသောက်နေထိုင်ရေးအတွက် ဦးစားပေးပြီး လှူဒါန်းပေးခဲ့ကြပါတယ်။

ဒီနေ့မှာလည်း စစ်ရှောင်စခန်းက ကလေးငယ်တွေအတွက် ချစ်စရာအရုပ်လေးတွေလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ” လက်နက်ကြီးသံတွေကြောင့် Trauma ရနေတဲ့ကလေးတွေ မိဘမောင်နှမတွေနဲ့ ကွဲကွာနေလို့ Trauma ရနေတဲ့ကလေးတွေ သူတို့လေးတွေရဲ့ စိတ်ဒဏ်ရာတွေနည်းနည်းလေးဖြစ်ဖြစ် သက်သာစေနိုင်ဖို့ ❤️ ” ဆိုပြီး ပရဟိတအကျိုးတော်ဆောင်တစ်ယောက်က ဝေမျှခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအားလုံး အမြန်ဆုံးဘေးကင်းပြီး အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။