ရန်ကုန်၊ ဇူလိုင် ၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ ညပိုင်း ပစ်ခတ်မှုများကြောင့် အလွန်ကျယ်လောင်သော အသံများ ထွက်ပေါ်ခဲ့ရာ ယင်းပစ်ခတ်သံများကိုကြား၍ အသက် ၆၉ နှစ်အရွယ် Pa Gin Do Lian သည် ကြောက်လန့်ပြီး နှလုံးရပ်သေဆုံးသွားကြောင်း ဒေသရင်းမြစ်သတင်းဌာနများဖြစ်သည့် Chin World နှင့် Zalen တို့က သတင်းဖော်ပြသည်။
ယမန်နေ့ ဇူလိုင်လ ၃ ရက်ည ၉ နာရီ၀န်းကျင် ကလေးမြို့ တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ သေနတ်ပစ်ဖောက်သံ၊ ဗုံးဖောက်ခွဲ သံများကြောင့် ရုတ်တရက်ကြောက်လန့်ပြီး Pa Gin Do Lian (အသက် ၆၉)နှစ်သည် နှလုံးခန်ရပ်၍ သေဆုံးသွားကြောင်း။ နာရေးအစီအစဉ်ကို ယနေ့ ဇူလိုင်လ ၄ ရက် ညနေပိုင်း ၃နာရီပြုလုပ်မည်ဖြစ်ကြော်ငး Chin World က သတင်းဖော်ပြထားသည်။
“ကလေးမြို့မှာ မနေ့ည ၉ နာရီခွဲက လက်နက်ကြီးအသံတွေရော ဗုံးအသံတွေရော ကြားနေရတယ်။ ၂ နာရီလောက်ကြားရတာ။ စစ်ကောင်စီက တစ်မြို့လုံးရမ်းပစ်ခတ်နေတာ။ ဘယ်အဖွဲ့နဲ့ ပစ်နေတာလဲဆိုတာလည်း မသိဘူး။ စစ်တပ်က ရမ်းသမ်းပြီး ပစ်တာလို့ ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကလေးမြို့တွင် ကိုဗစ်ရောဂါများ ကူးစက်ပြီး သေဆုံးမှု မြင့်တက်နေခြင်း၊ နယ်မြေ မအေးချမ်းခြင်းနှင့် စစ်ကောင်စီတပ်များ၏ ရမ်းကား နှိပ်စက်မှုများကြောင့် ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။