ဗဟုသုတ

တရုတ်နှင့်ရုရှား ကန့်ကွက်သော်လည်း ကုလလူ့အခွင့်ရေးကောင်စီ အစည်းဝေးတွင် မြန်မာအရေး ထည့်သွင်းဆွေးနွေးမည်

၂၀၂၁ ၊ ဇူလိုင် ၂

(၄၇) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တရုတ်နဲ့ရုရှားကန့်ကွက်နေပေမယ့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတွေကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကသိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့အစီရင်ခံစာအပေါ် တင်ပြဆွေးနွေးတဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Ms. Micelle Bachelet ရဲ့ တင်ပြချက်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အစီအစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးပြုလုပ်မယ့် လုပ်ငန်းစဉ်မှာတင်ပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဲဒီအစီစဉ် ၂ရပ်ကို ဖြုတ်ချနိုင်ဖို့လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်ချို့က ကန့်ကွက်ခဲ့တာကြောင့် မဲခွဲဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင် (၄၇) နိုင်ငံကြားမှာ ဒီအစီအစဉ်တွေ ဆက်လက်ကျင်းပသင့်တယ်လို့ ထောက်ခံခဲ့တဲ့နိုင်ငံက (၂၆) နိုင်ငံ၊ ကန့်ကွက် (၇) နိုင်ငံနဲ့ ကြားနေ (၁၄) နိုင်ငံ ရရှိခဲ့ပြီး ထောက်ခံမဲများတဲ့အတွက် အဲဒီအစီစဉ်၂ရပ်ကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

မဲခွဲဆုံးဖြတ်မှုမှာ ကန့်ကွက်ခဲ့တဲ့နိုင်ငံတွေကတော့ တရုတ်၊ ရုရှား၊ ကျူးဘား၊ ဘဟားမား၊ အဲရစ်တီးရား၊ ဖီဂျီ၊ ဗင်နီဇွဲလားနိုင်ငံတွေဖြစ်ပြီး အာဆီယံနိုင်ငံထဲက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့လူ့အခွင့်အရေးကို ဆွေးနွေးမဲ့ ဒီအစီအစဉ်တွေကို ကျင်းပသင့်တယ်လို့ ထောက်ခံခဲ့တာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ” လူ့အခွင့်အရေးကောင်စီက နောက်ထပ် သံတမန်နည်းအရအောင်ပွဲတခုအကြောင်း ပြောပါရစေ။ အာဆီယံနိုင်ငံထဲက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံက မြန်မာ့လူ့အခွင့်အရေးကို ဆွေးနွေးမဲ့ ဒီအစီအစဉ်တွေကို ကျင်းပသင့်တယ်လို့ ထောက်ခံခဲ့တာ အားတက်စရာပါ ” လို့သူကဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ (၄၇) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို အကြမ်းဖက်စစ်ကောင်စီဘက်က ကိုယ်စားလှယ် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်နှစ်ဖက်စလုံး တတ်ရောက်ခွင့်မရရှိဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က ယာယီဆိုင်းငံထားပါတယ်။
Burmese Press