ဗဟုသုတ

ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ ၁၉ နှစ်အရွယ်လူငယ်လေးကို မိသားစုဝင်တွေကို အသိမပေးပဲ စစ်ကောင်စီက မီးသင်္ဂြိုလ်ခဲ့

ရွှေတောင်၊ ဇူလိုင် ၁၊ ၂၀၂၁။

စစ်ကောင်စီက ဖမ်းခေါ်သွားပြီး သုံးရက်အကြာမှာ သေဆုံးသွားတဲ့ ၁၉ နှစ်အရွယ် မောင်အောင်အောင်လွင်ရဲ့ အလောင်းကို မိသားစုဝင်တွေ တွေ့ခွင့်မရပဲ စစ်ကောင်စီက ဒီနေ့မှာ မီးသင်္ဂြိုလ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်ညက ရွှေတောင်မြို့၊ ကသည်းတန်းလမ်း ကြာနီကန်ရပ်ကွက်က သေဆုံးသူ မောင်အောင်အောင်လွင်ဟာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အော်ဆဲနေချိန် ရွှေတောင်မြို့ အမြှောက်တပ်ရဲ့ ထမင်းချက်ဖြစ်သူက ဗီဒီယိုရိုက်ကာ တိုင်ကြားခဲ့လို့ အဲ့ဒီညမှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးခံခဲ့ရတာပါ။

မိသားစုဝင်တွေက စုံစမ်းခဲ့တဲ့အခါမှာ မောင်အောင်အောင်လွင်ဟာ အမြှောက်တပ်မှာ ဖမ်းဆီးခံထားရတယ်ဆိုတာ သိပြီးလိုက်သွားချိန်မှာ စစ်ကောင်စီက ပိုက်ဆံကုန်မည်ဖြစ်ကြောင်း မိသားစုဝင်တွေကို ပြောဆိုတယ်လို့ ဆွေးမျိုးနီးစပ်သူတဦးက ဆိုပါတယ်။

“ပိုက်ဆံကုန်ချင်သလောက်ကုန် ပေးမယ်လို့လည်း ပြောထားပြီးသား အဲ့တာကို မိသားစုဝင်တွေက မုန့်တွေဘာတွေသွားပို့တယ် ယူထားတယ် ကလေးနဲ့ တွေ့ခွင့်မပေးဘူး” လို့ ပြောပါတယ်။
ဇူလိုင်လ ၁ ရက် ဒီနေ့မနက်မှာ မိဘများက သွားတွေ့ချိန်မှာလည်း သေဆုံးကြောင်းနဲ့ ဆေးရုံတင်ထားကြောင်း ပြောဆိုခြင်းမရှိပဲ နေ့လည်ပိုင်းမှ စစ်ကောင်စီကကားနဲ့ လာခေါ်သွားပြီး အစာအိမ်သွေးကြောပေါက်ပြီး ဆုံးသွားတဲ့အကြောင်း ပြောတယ်လို့ သိရပါတယ်။

“မနက်ပိုင်း မုန့်သွားပို့ကတည်းက ပြောပြသင့်တယ်လေ ညနေ ၃ နာရီလောက်မှ သူ့အဖေနဲ့ အမေကို လာခေါ်သွားပြီး သေတဲ့အကြောင်းပြောတာ တွေ့ခွင့်မရတဲ့အပြင် ရောက်တော့ မီးခိုးငွေ့ပဲမြင်ရတော့တယ်” လို့ ပြောပါတယ်။

လက်ရှိမောင်အောင်အောင်လွင်ရဲ့ နေအိမ်မှာ သေဆုံးသူရဲ့ အဝတ်အစားတွေဖြန့်ထားပြီး သပိတ်သွတ်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

မိဘတွေကို ရွှေတောင်မြို့ရဲစခန်းက ခေါ်တွေ့ကာ စိတ်မကောင်းကြောင်းပြောဆိုပြီး နောက်ဆက်တွဲတွေ အများကြီးဖြစ်လာနိုင်တာကြောင့် အခုကိစ္စတွေကို မပြောဖို့ မှာလိုက်တယ်လို့ ပတ်ဝန်းကျင်က ပြောဆိုနေပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကို ဆဲဆိုတဲ့ ဗီဒီယိုရိုက်ပြီး တိုင်လိုက်တဲ့ စစ်တပ်က ထမင်းချက်ဖြစ်သူက မိသားစုပါခေါ်ပြီး ထွက်ပြေးသွားခဲ့ပြီလို့ သိရပါတယ်။
#မြေလတ်အသံ