News

“နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ( ၉၅) ဦးမှာ ကူးစက်မြန်ရောဂါ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရ”

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ကို ရန်ကုန်ကနေ ပြောင်းရွှေ့ရောက်ရှိလာတဲ့ နယ်ခြားစောင့် ဝန်ထမ်း ၉၅ ဦးမှာ ကူးစက်မြန်ရောဂါ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ပြည်နယ်ကျန်းမာ ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကနေ မောင်တောကို တာဝန်နဲ့ရွှေ့ပြောင်းရောက်ရှိလာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မိသားစုဝင် ၅၀၀ လောက်ရှိပြီး အဲဒီအနက် နှစ်ဦးမှာ သံသယရောဂါလက္ခာဏာတွေပြနေလို့ ဆေးစစ်ကြည့်ရာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း စတင်တွေ့ရှိခဲ့တာပါ။

အဲဒါကြောင့် သူတို့နဲ့ ထိတွေ့ဆက်စပ်သူ နယ်ခြားစောင့်ဝန်ထမ်း ၅၀၀ လောက်ထဲက ၁၅၀ ဦးကို ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊ မရှိ ပထမသုတ်အနေနဲ့ မနေ့က စစ်ဆေးအတည်ပြုခဲ့ရာ ၉၃ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အခု ကိုဗစ်ကူးစက်ခံထားရတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို နယ်ခြားစောင့်တပ်ရင်းမှာပဲ ထားရှိမှာဖြစ်ပြီး ၁၀ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်သွားမယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က ပြောပါတယ်။

“ဒီလူနာတွေက ရောဂါလက္ခာဏာမပြဘူး။ Positive လူနာ (အတည်ပြုလူနာ) တစ်ယောက်ကနေ ထိတွေ့သူတွေကို စစ်ထားတာဖြစ်တယ်။ ရောဂါလက္ခာဏာမရှိဘူး။ မရှိတဲ့အတွက် သူတို့ရဲ့ နယ်ခြားစောင့်တပ်မှာပဲ ကွာရတင်း သဘောမျိုးနဲ့ ထားရှိမှာပါ” လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ နယ်ခြားစောင့်ဝန်ထမ်းတွေကိုလည်း ကိုဗစ်ပိုး ကူးစက်ခံရမှု ရှိ၊ မရှိ ဆေးစစ်သွားမယ်လို့ ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ တတိယလိုင်းအတွင်း ရောဂါပိုးကူးစက်ခံထားရသူ နှစ်ရာကျော် ရှိနေပြီး စစ်တွေမြို့ခံ အသက် (၃၅) နှစ်အရွယ်အမျိုးသမီးတစ်ဦး ကိုဗစ်ကူးစက်ခံရလို့ ဇွန်လ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မဇ္ဈိမ