ဗဟုသုတ

PDF တောင်ပိုင်းတိုင်းအတွက် ထိုင်းနိုင်ငံ AAC အဖွဲ့ က သိန်း ၁၀၀၀ လှူဒါန်းမည်၊ NUG ကျန်းမာရေးဝန်ကြီးဌာနအတွက်လည်း သိန်း ၅၀၀ လှူမည်

ရန်ကုန်၊ ဇွန် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းလျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းတိုင်းစစ်ဌာနအတွက် ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်း AAC အဖွဲ့၏ ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“PDF တောင်ပိုင်းတိုင်း စစ်ဌာနအတွက် ကျနော်တို့ AAC က သိန်း ၁၀၀၀ လှူမယ်။ အခုက သိန်း ၃၀၀ လှူပြီးသွားပြီ။ သိန်း ၁၀၀၀ ပြည့်အောင် လှူမှာပါ။ NUG ကျန်းမာရေးဝန်ကြီးဌာနအတွက်လည်း သိန်း ၅၀၀ လှူဖို့ရှိတယ်။ သိန်း ၂၅၀ လှူပြီးသွားပြီ” ဟု ဦးရဲမင်းက ပြောဆိုသည်။

AAC မဟာမိတ်အဖွဲ့က NUG အစိုးရ လက်အောက်ရှိ အရေးပေါ် လိုအပ်နေသည့် တောင်ပိုင်းတိုင်းစစ်တိုင်း PDF အတွက် အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ သိန်း(၃၀၀) လှူဒါန်းပွဲကို ဇွန်လ ၂၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

AAC မဟာမိတ်အဖွဲ့မှ ဦးရဲမင်းသည် NUG အစိုးရ၏ ထိုင်းနိုင်ငံဆိုင်ရာ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းပို့ဆောင်ရေး၊ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လှူဒါန်းမှုများအား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အရေးပေါ်လိုအပ်သည့် နေရာများသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် ချိတ်ဆက်လှူဒါန်းလျက်ရှိပြီး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံပစ္စည်းများပါမကျန် အမျိုးသားညီညွတ်ရေး အစိုးရအတွက် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။