(၃)လပြည့်အလွမ်း
ဒီနေ့(၂၇.၆.၂၀၂၁)တွင် ကျွန်မရဲ့သားဒေါက်တာသီဟတင်ထွန်းကျဆုံးခဲ့တာ၃လပြည့်ပါပြီ။ဒီ၃လဟာကျွန်မတို့မိသားစုအတွက်အလွန်ခက်ခဲပင်ပန်းတဲ့ကာလရှည်ကြီးတစ်ခုဖြစ်ပါတယ်။
ဒီ၃လအတွင်းမှာကျွန်မစိတ်ထဲ…ဒီအချိန်သားသာရှိနေသေးရင်….ဆိုပြီးတမ်းတမိ၊မြင်ယောင်မိတဲ့အကြိမ်ပေါင်းလည်းမရေမတွက်နိုင်အောင်ပါပဲ။သက်ရှိထင်ရှားမရှိတော့ပေမဲ့တော်လှန်ရေးမအောင်မခြင်းကျွတ်လွတ်နိုင်မှာမဟုတ်တဲ့ကျွန်မသားကိုတော်လှန်ရေးအတွင်းမှာပဲဆက်ရှိနေမယ်လို့ကျွန်မယုံကြည်ပါတယ်။လူကိုသာသတ်နိုင်မယ်၊ပြင်းထန်လှတဲ့သူ့ရဲ့စိတ်ကိုတော့ဘယ်သူမှဖိနှိပ်ချုပ်ကိုင်နိုင်လိမ့်မယ်မဟုတ်ပါဘူး။
ကျွန်မသားကျဆုံးပြီလို့အတည်ပြုပြီးပြီးချင်းဆုံးရှုံးလစ်ဟာရတဲ့၊စိတ်နှလုံးကြေကွဲရတဲ့ခံစားချက်ကိုဆိုးရွားလွန်းလှလို့ပြန်ပြီးမမှတ်မိချင်တော့ပါဘူး။ဒါပေမဲ့မေ့ဖျောက်ဖို့လည်းမဖြစ်တော့ခဏခဏပြန်သတိရနေမိပါတယ်။
ဒီ၃လအတွင်းမှာကျွန်မတို့ကိုဝိုင်းဝန်းအားပေးနှစ်သိမ့်ပေးကြတဲ့သူတွေများစွာရှိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ကအန်တီ့သားသမီးတွေပါပဲ။အန်တီ့မှာသားတစ်ယောက်ဆုံးရှုံးရပေမဲ့သားသမီးတွေအများကြီးပြန်ရတယ်လို့မှတ်ပါတဲ့။အန်တီကကျွန်တော်တို့ရဲ့အမေပါပဲတဲ့။
အစ်ကို့ကိုရည်စူးပြီးအလှူတွေအများကြီးလုပ်ပေးတယ်။အမေ့ရောဂါကိုလည်းပျောက်အောင်ကုပေးမယ်တဲ့၊သမီးငြိမ်းကဆက်ပြီးစောင့်ရှောက်တယ်။
သမီးလေးစွမ်းက…ကြေကွဲဝမ်းနည်းမှုတွေကိုရင်မှာပိုက်ပြီးနေ့ရော၊ညပါမနေမနားအလုပ်တွေဆက်လုပ်နေပါတယ်။အမေပြိုလဲသွားလို့မဖြစ်ဘူးနော်တဲ့။ဒါနဲ့သမီးလည်းအားတင်းထားပါကွယ်လို့အပြန်အလှန်အားပေးကြရတယ်။
အနယ်နယ်အရပ်ရပ်ကအားပေးကြသူတွေရယ်၊အန်တီဖတ်ဖိ့ဆိုပြီးစာတစ်ပုဒ်ရေးပို့လာတဲ့စာရေးဆရာလေးရယ်၊(ကျွန်မပြောချင်တာတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ရင်းကုစားပေးတာလည်းပါပါတယ်။)သွေးအေးသွားရင်တော်လှန်ရေးအာပတ်သင့်မှာပဲဆိုတဲ့ဆရာလေးရယ်၊အမေ့အတွက်ဆေးဆိုပြီးလိုအပ်သမျှဝယ်ပေးနေတဲ့ဆရာလေးရယ်၊ပို့ပေးနေတဲ့သားလေးရယ်၊သူငယ်ချင်းကိုယ်စားသူ့မိသားစုကိုဆက်ပြီးစောင့်ရှောက်ပေးနေတဲ့ကလေးတွေရယ်အားလုံးကိုကျေးဇူးတင်ပါတယ်။
အပူမီးတွေနဲ့တောက်လောင်နေတဲ့ကျွန်မရဲ့နှလုံးသားကိုမေတ္တာရေစင်နဲ့သွန်းလောင်းပေးကြပါတယ်။နေ့စဥ်ရက်ဆက်ဒဏ်ရာပေါ်ဒဏ်ရာထပ်ပြီးကျွန်မတို့နှလုံးသားဟာမွမွကြေသလောက်ဖြစ်နေပါပြီ။ဒါပေမဲ့အံကြိတ်ပြီးရှေ့ဆက်ကြရဦးမှာပါပဲ။
ကျွန်မသားရဲ့အကောင့်ထဲကိုခဏခဏဝင်ကြည့်မိတယ်။သူ့ကဗျာလေးတွေ၊သူ့စာလေးတွေလွမ်းစရာတွေ့ရပါတယ်။
၂၇.၂.၂၀၉၊၁၀:၂၄မနက်ပိုင်းက”ပွဲ”ဆိုတဲ့ခေါင်းစဥ်လေးနဲ့…ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်အဆက်မပြတ် တရစပ်ပွဲခံလိမ့်မယ်
လက်မောင်းအရွယ်ထိန်ပင်ငါးဆယ်အဆောင်ရှေ့မှာကကြမယ်။
ရောက်လေရာအရပ်မှာအမှတ်ရဖို့အနည်းငယ်တော့ကျန်နေခဲ့မယ်။လက်ချင်းချိတ်ပြီးတစ်မျိုးမျက်ရည်စမ်းစမ်းနဲ့တစ်ဖုံဥသြသံနဲ့ကျွန်းရွက်ကြွေတွေကြားနွေအကူး လေရူးတွေတိုက်နေတုန်းမှာပေါ့။ဒီကရှေ့လျှောက်ဆိုရင်အလွမ်းဟာသူ့ချည်းသက်သက်။
မိုးယဥ်
အလွမ်းဟာသူ့ချည်းသက်သက်ကျန်ခဲ့မှာလားသားရယ်။
၁၉.မေ၂၀၁၈မှာလည်းကွေကွင်းရခြင်းဒုက္ခမှလွတ်မြောက်နိုင်ကြပါစေဆိုပြီးတစ်ပုဒ်ရေးခဲ့သေးတယ်။ကျွန်မတို့အတွက်ကြိုပြီးရေးခဲ့သလိုပါပဲ။
ချစ်ရပါသောပြည်သူပြည်သားအပေါင်းသာယာသောလူ့ဘောင်ကိုအမြန်ဆုံးတည်ထောင်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
Aye Aye Khaing