ဗဟုသုတ

နီပေါနိုင်ငံရှိ လှိုင်ဂူပေါင်း ၁သောင်းကျော်ရှိရာ ဗုဒ္ဓဘာသာဒေသ

တိဘက်ကုန်းပြင်မြင့်နဲ့နယ်မြေချင်းစပ်ဆက်တည်ရှိနေတဲ့ ယခုနီပေါနိုင်ငံထဲက Mustang ဒေသဟာ ကျန်ခဲ့တဲ့ကာလတွေတုန်းကတော့ Himalaya ဒေသကနိုင်ငံငယ် တစ်ခုအနေနဲ သီးခြားတည်ရှိခဲ့ဖူးပါတယ်။

ယင်းကာလတုန်းက Mustang ဟာလွတ်လပ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့တည်ရှိနေတာဖြစ်ပြီး (၁၈)ရာစုအကုန်လောက်မှာတော့ နီပေါလူမျိုးတွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ Mustang မှာရှိတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆောက်အအုံနဲ့ဓလေ့စရိုက်တွေကတော့ ဆက်လက်တည်ရှိနေခဲ့ပါတယ်။

ယင်းနောက်ပိုင်း Mustang ဟာဒေသန ္တရအုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ခဲ့ပြီး နီပေါနိုင်ငံကနေပြန်လည်ခွဲထွက်ခဲ့ပြန်ပါတယ်။(၁၉၅၀)ရောက်တဲ့အခါမှာတော့ နီပေါနိုင်ငံနဲ့ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။Mustang ဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုလေ့လာရေးနယ်ပယ်တစ်ခုဖြစ်တဲ့ အတွက် ကမ္ဘာအရပ်ရပ်ကပညာရှင်တွေ လာရောက်လေ့လာဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ယင်းကာလတုန်းက Mustangဟာ တောရိုင်းသက်သက် ဖြစ်နေတဲ့အချက်နဲ့ဒေသရဲ့လုံခြုံရေးအခြေအနေကြောင့် နီပေါအစိုးရက (၁၉၉၂)ခုနှစ် အထိ Mustang ဒေသကိုကန့်သတ်နယ်မြေအဖြစ်ကြေငြာခဲ့ပါတယ်။

Mustang ဒေသရဲ့ရှေးအမွေအနှစ်တွေကိုတော့ နီပေါအစိုးရရဲ့ မေတ္တာရပ်ခံချက်အရနိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီထိန်းသိမ်းပေးခဲ့ပါတယ်။Mustang ဒေသရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ဗုဒ္ဓဘာသာနဲ့များစွာနှီးနွယ်နေပြီး တိဘက်ရိုးရာဓလေ့နဲ့အလားသဏ္ဍာန်တူညီနေ တာကို မြင်တွေ့ရပါတယ်။ယဉ်ကျေးမှုပုံသဏ္ဍန်သာမက သဘာဝရှုခင်းတွေအထိပါ တိဘက်နိုင်ငံနဲ့ဆင်တူနေပါတယ်။

Mustangဟာ တိဘက်နိုင်ငံလိုပဲ တောင်ကုန်းတောင်တန်း လျိုမြောင်၊ ချိုင့်ဝှမ်းတွေပေါများစွာတည်ရှိပြီး အလွန်အအေးပြင်းထန်တဲ့အရပ်ဒေသဖြစ်ပါတယ်။ Mustang ဒေသရဲ့ထင်ရှားတဲ့ အမှတ်အသားကတော့ Kali Gandaki မြစ်ကြီးက ဝန်းရံထားတဲ့မြင့်မားတဲ့ တောင်စောင်းတစ်လျှောက်တည်ရှိနေတဲ့ အရေအတွက်(၁၀၀၀၀)နီးပါးရှိတဲ့ ရှေးဟောင်းလိုဏ်ဂူတွေပဲဖြစ်ပါတယ်။

ရှေးခေတ် ကျောက်ဆစ်လက်ရာကို အသုံးပြုပြီး ပုံစံကျကျထွင်းဖောက်ထားတဲ့ အဲဒီလိုဏ်ဂူတွေ ထဲကအချို့ဆိုရင် မြေပြင်ကနေ (၁၅၀)ပေအမြင့်လောက်ကိုရှိပြီး ငှက်များရဲ့နားနေတဲ့ အသိုက်နေရာအဖြစ်တောင်တည်ရှိနေတာပါ။ထူးဆန်းတာကတော့ ခေက်အဆက်ဆက် ဒီကျောက်လိုဏ်ဂူများစွာကို မည်သူတွေကတည်ဆောက်ခဲ့တယ်ဆိုတာ မသိကြပါဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

သဘာဝအတိုင်း ဖြစ်ပေါ်လာတာမဟုတ်ပဲ တစ်ခုနဲ့တစ်ခု အစီစဉ်တစ်ကျတည်ဆောက်ထားတဲ့ ကျောက်လိုဏ်ဂှုအချို့ဆိုရင် ကျွမ်းကျင်တဲ့တောင်တက် သမားတွေတောင်ရောက်ဖို့ခက်ခဲတဲ့ အမြင့်ပေတွေမှာတည်ရှိနေပါတယ်။လိုဏ်ဂူ အချို့ရဲ့အတွင်းမှာလည်း မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ်တွေကို လက်ရာမြောက်အောင်ပုံဖော်ထားတာကိုလည်း မြင်တွေ့ရပါတယ်။

ဒါအပြင် လိုဏ်ဂှအချို့မှာတော့ လူသားတွေနေထိုင်ခဲ့တဲ့အထောက်အထားတွေကို မြင်တွေ့ရပါတယ်။ယင်းခေတ်အခါက လူအသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့ မီးလင်းဖို၊ စပါးစေ့၊ ပစ္စည်း သိမ်းတဲ့ ပုံး၊အိပ်ရာအဖြစ်အသုံးပြုခဲ့တဲ့ အရာတွေကိုလိုဏ်ဂူအတွင်း အစီစဉ်တစ်ကျရှိနေတာမို့ လူသားတွေနေထိုင်ခဲ့တယ် ဆိုတဲ့အချက်ဟာပေါ်လွင်နေပါတယ်။

ဒါအပြင် လူအလောင်းမြုပ်နှံရာနေရာအဖြစ်လည်း ဒီလိုဏ်ဂူတွေကို သုံးစွဲထားတာကိုတွေ့ရပါတယ်။အဲဒီဓလေ့ကိုတော့ Sky burial လို့ခေါ်ပြီး ယနေ့အချိန်ထိ ဟိမဝန ္တာတောင်တန်းဒေသက ရွာအချို့မှာ ကျင့်သုံးနေဆဲလည်းဖြစ်ပါတယ်။Mustang ဒေသမှာတွေ့ရှိရတဲ့ ဂူသချိုင်းတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ကျော်ခန့်ကတည်းကရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒီကာလကကတည်းကထားရှိခဲ့တဲ့ ရုပ်အလာင်းအရိုးစု ဒါဇင်ပေါင်းများစွာကိုတွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။ရုပ်အလောင်းတွေကို သစ်သားနဲ့ပြုလုပ်ထားတဲ့ ကုတင်ပေါ်မှာထားရှိတာဖြစ်ပြီးကြေးနီနဲ့ ဖန်သားကို ပြုလုပ်ထားတဲ့ ပုတီးစေ့တွေနဲ့တန်ဆာဆင်ထားလေ့ရှိတယ်လို့သိရပါတယ်။

ဒီဒေသကို ဗုဒ္ဓဘာသာမရောက်ရှိမီ (၃)ရာစုကနေ (၈)ရာစု ကာလကတည်းကပင်ဒေသခံတွေဟာ Mustang တောင်ကို ဂူသချိုင်းအဖြစ် သတ်မှတ်ထားခဲ့ပုံပေါ်ပါတယ်။ဒေသခံတွေဟာ ကွယ်လွန်ပြီးသွားတဲ့ သူတွေရဲ့ရုပ်အလောင်းကို Mustang တောင်ရဲ့ လိုဏ်ဂူတွေအတွင်း လာရောက်ထားရှိခဲ့ပြီး ယင်းရုပ်အလောင်းတွေဟာ ဘတ်တီးရီးယားပိုးမွှားတွေနဲ့လဒငှက်တွေရဲ့ လာရောက်စားသောက်ကြတာတဲ့ အနေအထားကို ပညာရှင်တွေကတွေရှိခဲ့
ပါတယ်။

သမိုင်းသုတေသီတွေကတော့ Mustangမှာရှိတဲ့ လိုဏ်ဂူတွေဟာ ခေတ်(၃)ခေတ်တိုင် အောင်အသုံးပြုခြင်း ခံခဲ့ရတယ်လို့ယုံကြည်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀၀)လောက်ကMustangအရပ်မှာနေထိုင်တဲ့ မျိုးနွယ်စုတွေက ဒီလိုဏ်ဂူတွေကို ဂူဗိမာန်အဖြစ် စတင်အသုံးပြုခဲ့ကြပါတယ်။

နောက်ထပ် နှစ်ပေါင်း(၂၀၀၀)လောက်ကြာတဲ့အချိန်မှာတော့ ဒီလိုဏ်ဂူတွေဟာ ဒေသပေါင်းစုံ ကနေစစ်ဘေးဒဏ်ကြောင့်ဖြစ်စေ၊သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ ပြောင်းရွေလာတဲ့ ဒုက္ခသည်တွေအတွက် ယာယီနေထိုင်ရာနေရာတွေဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းကာလ အေဒီ ၁၄၀၀ ခုနှစ်ရောက်လာတဲ့ အချိန်မှာတော့ Mustang ကလိုဏ်ဂှုတွေဟာ တရားဘာဝနာ စီးမြောအားထုတ်ရာ ပုဂ္ဂိုလ်တွေရဲ့ဂူအောင်းပြီး တရားထိုင်ရာနေရာတွေဖြစ်လာခဲ့ပါတယ်။

အချို့လိုဏ်ခေါင်းဂူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေ အဖြစ်အသွင်ပြောင်းသွားခဲ့ပြီး ယနေ့ထက်တိုင်တည်ရှိနေတဲ့ Luri Gompa ၊ the Chungsi Cave၊ Nyiphuk Cave စတဲ့လိုဏ်ခေါင်းအတွင်းတည်ရှိနေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟာ အကောင်းဆုံးသာဓကတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

သူတော်ကောင်းတွေနဲ့ထွက်ရပ်လမ်း ပုဂ္ဂိုလ်တွေပျော်စံရာနေရာဖြစ်တယ်လို့လည်း နီပေါနိင်ငံမှာ ထင်ရှားပါတယ်။Luri Gompa ဘုန်းတော်ကြီးကျောင်းကတော့ Mustang ဒေသမှာ အထင်ရှားဆုံးသောနေရာဖြစ်ပါတယ်။

အဲဒီဘုန်းတော်ကြီးကျောင်းဟာ အစွန်ဆုံးလိုဏ်ဂူအတွင်းမှာ တည်ထားတာဖြစ်ပြီး မြေပြင်ကမီတာ(၁၀၀) ဝန်းကျင်လောက်အမြင့်ရှိပါတယ်။ဘုန်းတော်ကြီး ကျောင်းအတွင်းမှာတော့ တိုင်တွေအဖြစ် သဲကျောက်တွေနဲ့ဖွဲ့စည်းထားတဲ့ တိုင်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဘုန်းတော်ကြီးကျောင်းကိုလာရောက်ရတဲ့ တောင်ကြားလမ်းဟာ အလွန်ကျဉ်းမြောင်းပြီး အောက်ခြေမှာ မက်စောက်တဲ့တောင်စောင်းတွေကိုရင်အေးစရာမြင်တွေမြင်ရမှာပါ။ဒီလမ်းကနေပဲ Mustang ရဲ့ ရှေးဟောင်းသချိုင်းနေရာ (၂)ခုကိုသွားရောက်နိုင်ပါတယ်။

လိုဏ်ဂူရဲ့ အပြင်ပိုင်းကိုကျရောက်တဲ့ သချိုင်းမှာ တော့စေတီငယ်တစ်ဆူကိုသာတွေ့မြင်ရမှာဖြစ်ပြီး ၊လိုဏ်ဂူရဲ့ အတွင်းပိုင်းသချိုင်းမှာတော့ Mustangရဲ့လက်ရာအမြောက်ဆုံးသော သမိုင်းဝင်အမွေအနှစ်တွေဖြစ်တဲ့ အိန္ဒိယသူတော်စင် ဆာဒူးကြီးတွေရဲ့ရုပ်ပုံတွေ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆေးရေးပန်းချီတွေကိုမြင်တွေ့ရပါတယ်။

ဒေသခံတွေအဆိုအရတော့ ပုံနဲ့ရေးဆွဲထားတဲ့ သူတော်စင်တွေဟာ Mustang ဒေသမှာအမှန်တကယ်ရှိနေပြီး ယနေ့တိုင်သွားလာ လှုပ်ရှားနေဆဲ ဖြစ်တယ်လို့ဆိုကြပါတယ်။သူတော်စင်ကြီးတွေဟာ ဥတုသုံးပါးစလုံး နံငယ်သာလုံတဲ့ အဝတ်ကိုသာဝတ်ဆင်ပြီး အသက်ရာချီရှိနေကြသူတွေ ဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။

သူတို့တွေဟာ သမထကျင့်စဉ်တွေကိုပွားများအားထုတ်လျက်ရှိပြီး နောက်ပွင့်တော်မူမဲ့ အရိမေတ္တယျဘုရားရှင်ကို စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့လည်းယုံကြည်နေကြဆဲပါ။

ကမ္ဘာပေါ်မှာ ရှိခဲ့တယ်လို့ယူဆတဲ့ စိတ်နယ်လွန်ဖြစ်ရပ်တွေနဲ့သဘာဝလွန်ဖြစ်ရပ်တွေရဲ့ အဖြေဟာ Mustang ဒေသမှာသာတည်ရှိနေပြီးအထူးသဖြင့် ယင်းပညာရပ်တွေရဲ့ဒိုင်ချက်ဟာ Luri Gompa ဘုန်းတော်ကြီးကျောင်းဝန်းကျင်မှာပဲဖြစ်တယ်လို့ လောကီပညာရှင်အချို့ကယူဆလျက်ရှိပါတယ်။

နောက်ပိုင်းလေ့လာတွေ့ရှိချက်တွေအရတော့ Mustang မှာရှိတဲ့ ရှေးခေတ်နံရံဆေးပန်းချီတွေနဲ့ ပန်းချီကားတွေဟာ၁၄)ရာစု(သို့)ယင်းကလာရဲ့အစောပိုင်းကာလတွေမှာ ရေးဆွဲခဲ့တဖြစ်ကြောင်း သမိုင်းပညာရှင်တွေကဖော်ပြခဲ့ကြပါတယ်။ဒီဒေသကို ၁၉၉၆ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။