News

“ရုရှားရဲ့ စစ်ရေးအကူအညီအပေါ် ကျေးဇူးတင်ကြောင်း မြန်မာစစ်ခေါင်းဆောင်ပြော “

မြန်မာ့တပ်မတော်ကို အားဖြည့်ကူညီပေးတဲ့အတွက် ရုရှားနိုင်ငံကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း ပြောဆိုခဲ့တာပါ။ ရုရှား ဟာ မြန်မာစစ်တပ်ကို လက်နက် ဖြည့်ဆည်းပေးနေတဲ့ အဓိက နိုင်ငံဖြစ်သလို၊ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကနေ အကာအကွယ်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒေသတွင်းမှာ မြန်မာ့တပ်မတော်ဟာ အင်အားကောင်းတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်လာတဲ့အပေါ် ရုရှားနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ ရုရှားနဲ့ မြန်မာကြား ချစ်ကြည်ရေးဟာ ခိုင်မာသည်ထက် ခိုင်မာလာနေကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း မြန်မာဟာ ရုရှားအတွက် မဟာဗျူဟာမြောက် မိတ်ဆွေ လက်တွဲဖော်နိုင်ငံဖြစ်တယ်ဆိုတာ အချိန်ကာလက သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ကြရေးဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ မော်စကိုမှာ သုံးရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
တနင်္လာနေ့က ရုရှား လုံခြုံရေးကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA