News

“မြဝတီနယ်စပ်ရောက် အွန်လိုင်းလောင်းကစားနှင့်ကာစီနိုလုပ်သား တရုတ် နိုင်ငံသားအများအပြား နေရပ်ပြန်မှုများရှိနေ”

ဇွန်လ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့် ရွှေကုက္ကိုဒေသသို့ ရောက်ရှိနေသည့် အွန်လိုင်းလောင်းကစားနှင့် ကာစီနိုလုပ်သား တရုတ်နိုင်သား အများအပြား နေရပ်ပြန်မှုများ ရှိနေကြောင်း သိရသည်။

ယခုလို မြဝတီနယ်စပ်ရောက် တရုတ်နိုင်ငံသားအများအပြား နေရပ်ပြန်မှုမှာ ထူးခြားမှုဖြစ်စဉ်ဖြစ်ပြီး ၎င်းတို့၏ မိခင်တရုတ်နိုင်ငံမှ ဖိအားပေးကာ ပြန်လည်ခေါ်ယူနေခြင်းကြောင့်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။

“ဒီရက်ပိုင်းထဲမှာ တရုတ်နိုင်ငံသားတွေ တဖွဲဖွဲနဲ့ ပြန်နေကြပါတယ်။ မနေ့က ဇွန်လ ၂၁ ရက်နေ့မှာဘဲ မြဝတီမြို့ ရွှေကုက္ကိုဒေသက တရုတ် City စီမံကိန်းဧရိယာမှ တရုတ်နိုင်ငံသား အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၁၅ ဦး တို့ဟာ မိခင် တရုတ်နိုင်ငံသို့ ပြန်သွားကြတယ်”ဟု ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့အလားတူပင် မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင် ရောက်နေသော သူများအား တရုတ်အာဏာပိုင်များကပြန်လာရန် ကြေညာချက်ထုတ်၍ ခေါ်ယူမှုများရှိနေခြင်းကြောင့် မူဆယ်ဘက်မှကာစီနိုလောင်းကစားရုံများပိတ်ကာ တရုတ်နိုင်ငံသား အများအပြား နေရပ်ပြန်မှုများ ရှိနေသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ထားသောအမိန့်စာတွင်

“ရာဇဝတ်မှုများနှင့်နယ်စပ်ဖြတ်ကျော် လုပ်ကိုင်မှုများနှိမ်နင်းရန်အလို့ငှာ” တရားဝင် ဝင်ထွက်ခွင့်လက်မှတ်ကိုင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ရောက်နေသူများအနေဖြင့် ဇူလိုင်လ ၃၁ နောက်ဆုံးထား၍ တရုတ်နိုင်ငံတွင်းသို့ ပြန်လာကာ သတ်မှတ်ထားသော ဌာနများ တွင်မှတ်ပုံတင်ရန်သွားရောက်ရမှာဖြစ်သည်ဟု ဖော်ပြပါရှိသည်။

၎င်းအပြင် ပြည်သူ့လုံခြုံရေးဌာန အနေဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားလုပ်သူများ၊ ငွေဖြူ လျှော်ဖွပ်သူများနှင့် တစ်ခြားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများလုပ်မှုကိုနှိမ်နင်းရန် ဖြစ်သည်ဟုလည်း ပါရှိကာ ကျူးလွန်သူများအနေဖြင့် အမြန်ဆုံးပြန်လာပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် လျှောက်ထားရန်လိုသည်ဟု ပါရှိကြောင်း သိရသည်။

#KIC