မူဆယ် – ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း)
မူဆယ်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေဟာ ကာစီနိုရုံတွေကို ပိတ်ပြီး သူတို့နိုင်ငံကို ပြန်နေကြပြီဖြစ်ကြောင်း မူဆယ်မြို့က ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
မူဆယ်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို သူတို့အစိုးရက ဇွန်လ ၂၁ရက်နေ့မှာ အကုန်ပြန်ခေါ်ထားတာကြောင့် မြန်မာ -တရုတ်အဝင်ဂိတ်ကနေ ပြန်ဝင်သူတွေများပြားနေတယ်လို့ မူဆယ်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။
“မူဆယ်မှာ ကာစီနိုရုံတွေကောအကုန်ပြန်ပိတ်ပြီ၊ တရုတ်လူမျိုးတွေအကုန်ပြန်ခေါ်တယ်။ အဝင်အထွက်ဂိတ်မှာကားတွေအကုန် ပြည့်ကြပ်နေတာပဲ ၊ ပစ္စည်းတွေလည်း အကောင်းတွေကို တရုတ်တွေက အကုန်လမ်းမှာ စုပုံသွားတယ်” လို့ အဲဒီဒေသခံက ဆိုပါတယ်။
တရုတ်နိုင်ငံဘက်မှာတော့ သူတို့အစိုးရဟာ မြန်မာပြည်ဘက်ကို ရောက်နေတဲ့သူတွေရှိရင် ပြန်ခေါ်ဖို့ တစ်အိမ်တက်ဆင်း လိုက်လံပြောကြားနေကြောင်းနဲ့ ပြန်ခေါ်ရတဲ့အကြောင်းအရင်းကို မသိရဘူးလို့ ပြန်ဝင်မယ့် တရုတ်လူမျိုးတစ်ဦးကပြောပါတယ်။
တရုတ် – မြန်မာ အဝင်အထွက်ဂိတ် ကြူကုတ် (ပန်ဆိုင်း)ကိုလည်း ဇွန်လ ၂၂ရက်နေ့ကစပြီး ပိတ်သိမ်းသွားမှာဖြစ်တယ်လို့သိထားရကြောင်းလည်း တရုတ်တွေနဲ့ နီးစပ်တဲ့ နောက်ထပ် ဒေသခံတစ်ယောက်က ဆိုပါတယ်။