ဗဟုသုတ

လားရှိုး မြို့နယ်အတွင်း COVID-19 ရောဂါပိုး ကူးစက်မှုများလာသဖြင့် လားရှိုး ညဈေးဖွင့်လှစ်မှုကို ယာယီပိတ်ခဲ့ပြီး မြို့မဈေးကြီးကိုလည်း တစ်ရက်ခြားသာ ဖွင့်လှစ်ခွင့်ပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် COVID-19 ရောဂါပိုး ကူးစက်မှုများလာခြင်းကြောင့် လားရှိုး မြို့မဈေးကြီးအနီးတွင် ညစဉ်ဖွင့်လှစ်ရောင်းချလျှက်ရှိသည့် ညဈေး ကို ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ ယာယီ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

လားရှိုးညဈေးသည် နေ့စဉ် ညနေ ၃ နာရီခန့်မှ ည ၉ နာရီအချိန်ခန့်ထိ ဖွင့်လှစ်ရောင်းချကြပြီး တရုတ်နိုင်ငံထုတ် အဝတ်အထည်များနှင့် ရှမ်းရိုးရာ အစားအစာများ၊ အခြားစားသောက်ကုန် ပစ္စည်းများကို အဓိကထားရောင်းချသည့် နေရာဖြစ်သည်။

“ ညဈေးက အရင် ကိုဗစ်ဖြစ်ကတည်းက ပိတ်လိုက်ရပြီး ပြန်ဖွင့်တော့ အခုချိန်ထိ ပုံမှန်အရောင်းအဝယ် မဖြစ် သေးပါဘူး။ညဈေးမှာပြန်ရောင်းတဲ့ ဈေးဆိုင်တွေက တစ်ဝက်လောက်တောင်မရှိတော့ဘူး။ တချို့နေ့ရက်တွေ ဆိုရင် ဈေးဦးမပေါက်တဲ့ နေ့တွေလည်းရှိတယ်။ တစ်ရက် တစ်ရက်ဈေးခင်းတဲ့ အလုပ်သမားလုပ်အားခနဲ့မီးကြေးနဲ့ တောင်ရှုံးတယ်။ဒါပေမယ့်လည်း အလုပ်မရှိတော့ မှေးပြီးရောင်းနေကြတယ်။

ညဈေးမှာ အရောင်းအဝယ် ပုံမှန်ပြန် ဖြစ်ဖို့ အချိန်အတော်လေး ပြန်ယူနေရတယ်။အခုတော့ အရှိန်လေးနည်းနည်း ပြန်ရလာခါစ ဖြစ်နေချိန်မှာ ကိုဗစ်ကူးစက်မှုက လားရှိုးမှာ ပြန်များလာတော့ ညဈေးကို အကန့်အသတ်မရှိ ယာယီပိတ်လိုက်ရပြန်ပြီ။” ဟု လားရှိုးညဈေးတွင် ဈေးရောင်းချသူ တစ်ဦးဖြစ်သည့် ကိုမျိုး ကပြောသည်။

လားရှိုးညဈေးကို COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်ကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့မှ ဇူလိုင် ၂၁ ရက်နေ့ထိ လေးလနီးပါးကြာပိတ်ခဲ့ရပြီးနောက် တစ်နှစ်နီးပါးအကြာတွင် ဒုတိယအကြိမ် ပြန်ပိတ်ခဲ့ရခြင်း ဖြစ်သည်။

လားရှိုးညဈေးကို ယာယီပိတ်သိမ်းခြင်းနှင့်အတူ လားရှိုးမြို့မဈေးကြီးရှိ ရွှေကံ့ကော်ရုံ၊ အောင်သပြေရုံ၊ရွှေဝတ်မှုံရုံ ၊မြတ်လေးရုံ၊နေရီရီရုံ၊နှင်းဆီရုံ၊ဟံသာဝတီရုံ နှင့် ကုန်စိမ်း၊ကုန်ခြောက်ဈေးရှိ ပိန္နဲပင်လမ်းဝင်းသူဇာဘက်အခြမ်း၊ ကုန်စိမ်းရုံ၊စားသောက်တန်း၊ဘဏ် ၁လမ်း၊ပညာရေးဘက်အခြမ်း ဈေးဆိုင်များ၊ဘဏ်-၂ လမ်း၊ပဆငဘက် အခြမ်း ဈေးဆိုင်များကို ပြက္ခဒိန် စုံရက်များတွင ်ဖွင့်လှစ်ပြီး၊ပိတောက်ရုံ၊ချယ်ရီရုံ၊ရွှေဘုံသာရုံ၊

ဗိုလ်ချုပ်လမ်းဈေးရုံ၊ စွယ်တော်ရုံ၊ကမ္ဘောဇရုံ၊အင်းဝဘဏ်ဘေးဈေးရုံ၊ကုန်စိမ်း၊ကုန်ခြောက်ဈေးတွင်ပိန္နဲပင်နေရီရီဈေးရုံဘက်အခြမ်း၊အလှကုန်တန်း၊ကုန်ခြောက်ရုံ၊ကမ္ဘောဇသမတိုက်တန်းဘက်အခြမ်း၊ဘဏ်-၁လမ်း၊ဘဏ်၂လမ်း၊ ဘဏ်ဆိုင်ခန်း ဘက်ခြမ်းဆိုင်ခန်းများကို ပြက္ခဒိန် မ ရက်များတွင်သာ တစ်ရက်ခြားဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စည်ပင်သာယာဌာနမှ စာထုတ်ပြန်ခဲ့သည်။

၎င်းအပြင် လားရှိုးမြို့ ရပ်ကွက် (၅) ၊ အောင်မင်္ဂလာဈေးတွင်လည်း COVID-19 ရောဂါ ကူးစက်ခံရသူတွေ့ရှိသဖြင့် အောင်မင်္ဂလာဈေး(ပျံကျ) ဘီရုံ နှင့် စီရုံလမ်းကြားရှိ မျက်နှာချင်းဆိုင် ပျံကျဆိုင်တန်းများကို ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင် ၂ ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ပိတ်သိမ်းခဲ့သလို လားရှိုးမြို့ဘူတာဈေးကိုလည်း နှစ်ပတ်ကြာ ပိတ်သိမ်းခဲ့သည်။