မိုင်းအတ္တ၊ ရွှေဖီမြေ
ကတုတ်ကျင်း သေးသေးလေးတစ်ခုပေါ် မြေပါးပါးလေး ဖုံးအုပ်ထားတဲ့ လွယ်အိတ်တစ်လုံးထဲမှာ အသံတစ်ခု မြည်လာပါတယ်။ လွယ်အိတ်ကို ဆွဲထုတ်ပြီး ဖွင့်ကြည့်လိုက်တော့ ဖုန်းတစ်လုံး မြည်တဲ့အသံ ဖြစ်နေပါတယ်။
စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်က ဖုန်းကို ကောက်ကိုင်လိုက်ပါတယ်။
“အဖေ သမီးဆီ ဖုန်းမဆက်တာ ၃ ရက်ရှိပြီ။ သမီးအဖေ့ဆီ နေ့တိုင်း ဖုန်းဆက်တယ်။ အဖေ ဖုန်းမကိုင်ဘူး။ မအားလို့လား သမီးအဖေ့ကို သတိရတယ်” ဆိုပြီး ၅ နှစ်အရွယ် ကလေးငယ် အသံကြောင့် ဖုန်းကိုင်ပြီး နားထောင်နေတဲ့ စစ်သားကြီးက စွံ့အစွာနဲ့ စက္ကန့်ပိုင်းအကြာ ဘာမှမပြောနိုင်။
ဖုန်းကိုင်မိတဲ့ စစ်သားက ခဏ တိတ်ဆိတ်ပြီးတော့ ကလေးငယ်ရဲ့ ပြောစကားကို ပြန်ဖြေကြားလိုက်ပါတယ်။
“သမီးလေး ဘယ်မှာနေလဲ။ သမီးအဖေက ဆုံးသွားပြီ။ ဦးတို့ သမီးအဖေကို ကြည့်နေတယ်။ သမီးအဖေဖုန်းပြန်ယူချင်ရင် ရွာသားတွေဆီမှာ ထားခဲ့မယ်နော်”
ဖုန်းကိုင်ထားရင်း တစ်ဖက်က ဖုန်းခေါ်လာတဲ့ ၅ နှစ်အရွယ် မိန်းကလေးငယ်က စစ်သားရဲ့ ပြောတဲ့စကားကို ကြားလိုက်တော့ ဘာမှပြန်မပြောနိုင်ဘဲ ခဏအကြာမှ ဖုန်းချလိုက်ပါတယ်။
ဒီအဖြစ်အပျက်ကတော့ နမ္မတူမြို့နယ် ရေအိုးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က TNLA၊ SSPP ပူးပေါင်းတပ်နဲ့ RCSS တို့အကြား ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး RCSS ရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ ရေအိုးရွာမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေထဲ ဆေးမှူးတစ်ယောက်လည်း ပါဝင်ပါတယ်။
RCSS ဆေးမှူးရဲ့ ၅ နှစ်အရွယ် သမီးက သူ့အဖေ သေဆုံးတာကို မသိရှာပါဘူး။ အဖေကို လွမ်းတဲ့စိတ်နဲ့ နေ့တိုင်းဖုန်းဆက်လာတာကို ဖုန်းကိုင်မယ့်သူလည်း မရှိပါဘူး။ အဲဒီနေ့မှာတော့ တအာင်းတပ် အရာရှိတစ်ယောက်က ဆေးမှူးရဲ့သမီး ဖုန်းဆက်လာတာကို ဖုန်းလက်ခံပြောခဲ့ရတဲ့ ဖြစ်စဥ်လေးပါ။
ကတုတ်ကျင်းထဲမှာ မြေပါးပါးလေးဖို့ပြီး ပုပ်ပွတဲ့ ရုပ်အလောင်းနဲ့အတူ ဖုန်းမြည်သံ နေ့စဥ်ညံနေပေမဲ့ မကိုင်နိုင်ရှာတဲ့ ဆေးမှူးကတော့ သူချစ်ရတဲ့ သမီးလေးကို နှုတ်မဆက်ဘဲ လောကကြီးကနေ ထွက်ခွာသွားရပါတယ်။
ဇွန်လ ၁၀ ရက်မှာတော့ စစ်ပွဲငြိမ်လို့ သေနတ်သံတွေ ငြိမ်သက်သွားတဲ့ စစ်မြေပြင် ရေအိုးရွာလေးကို ဒေသခံတွေက ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာချိန်မှာ လူနေအိမ်တွေ ပျက်စီး၊ အပုပ်နံ့တွေနဲ့ ရှိနေတဲ့ရွာကို ရောက်လာကြပါတယ်။
ရွာအတွင်း တအာင်းတပ်ဖွဲ့တွေနဲ့အတူ သန့်ရှင်းရေးလုပ် တစ်ဖက်က လက်နက်ကိုင်တွေ တူးထားတဲ့ ကတုတ်ကျင်းတွေ ဖို့ရင်းနဲ့ RCSS တပ်ဖွဲ့ရဲ့ ဆေးမှူးလို့ ယူဆရတဲ့ အလောင်းတစ်လောင်းကို လူနာစာရင်းနဲ့ လက်မှာ တစ်ခါသုံး လက်အိပ် စွပ်ထားတာကို တွေ့ရပါတယ်။
အဲဒီအလောင်းကို မီးသဂြိုလ်ဖို့ လုပ်ရာမှာပဲ ရုပ်အလောင်းနဲ့အတူ မြှုပ်ထားတဲ့ လွယ်အိတ်ထဲက စာရွက်စာတမ်းနဲ့အတူ မီးမပိတ်ဘဲ ထားခဲ့တဲ့ ဖုန်းတစ်လုံးလည်း ကျန်နေခဲ့ပါတယ်။
ရွာသားနဲ့ ဒေသတွင်း လှုပ်ရှားတဲ့ တအာင်းတပ်ဖွဲ့တွေက RCSS ဆေးမှူးရဲ့ ရုပ်အလောင်းကို ရှင်းလင်းဖို့ လုပ်နေချိန်မှာပဲ ဖုန်းသံမြည်လာပါတယ်။ အဲဒီအချိန်မှာ တအာင်းတပ်အရာရှိတစ်ယောက်က ဖုန်းကိုကောက်ကိုင်လိုက်တော့ ဆေးမှူးရဲ့သမီးဖြစ်သူက သူ့အဖေကို လွမ်းဆွတ်သတိရကြောင်း ပြောလာပါတယ်။
စစ်တလင်းမှာ ထိုးစစ်ပြင်းထန်တာကြောင့် ရဲဘော်ရဲဘက်တွေကလည်း ဆေးမှူးရဲ့ ရုပ်အလောင်းအပါအဝင် ကျဆုံးရဲဘော်တွေရဲ့ အလောင်းကို ကောင်းကောင်း မမြှုပ်နိုင်ရှာပဲ ကတုတ်ကျင်း သေးသေးလေးထဲမှာ မြေအနည်းငယ်ဖို့ပြီး ထွက်ခွာသွားကြရပါတယ်။
ဖုန်းမပိတ်ဘဲ ရက်ဆက်တိုက် ဖုန်းလာတာကို မကိုင်နိုင်ရှာတဲ့ ဆေးမှူးရဲ့ သမီးလေး စိတ်ထဲမှာတော့ “အဖေအလုပ်ရှုပ်လို့ နေမှာပါ” ဆိုပြီး ဖုန်းဆက်တာကို မကိုင်အားဘူးဆိုတဲ့အတွေးနဲ့ ၃ ရက်ဆက်တိုက် အဖေဖြစ်သူဆီကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
အရင်က သူ့အဖေ ပုံမှန်ဖုန်းဆက်နိုင်ပေမဲ့ ဖုန်းပြန်မဆက်တဲ့နေ့ကစလို့ အဖေ့ကို လွမ်းတာနဲ့ စစ်မြေပြင်မှာ အဆင်ကောပြေရဲ့လားဆိုတဲ့ သမီးလေးတစ်ယောက်ရဲ့ ပူပင်သောကတွေကြောင့် နေ့တိုင်း အဖေမကိုင်နိုင်တဲ့ ဖုန်းကို ဆက်သွယ်နေရှာသူပါ။
၅ နှစ်အရွယ် လူမမယ် သမီးငယ်လေးကတော့ စစ်ပွဲမှာ သူချစ်ရတဲ့ ဖခင်ကိုဆုံးရှုံးတာကလွှဲလို့ သူ့အတွက် အကျိုးအမြတ်ဆိုတာ ဘာတစ်ခုမှ ရှိမှာ မဟုတ်ပါဘူး။
အထူးသဖြင့် အတူနေ တိုင်းရင်းသားတွေအချင်းချင်း စိတ်သဘောထားချင်း နိုင်ငံရေး ရပ်တည်မှု မတူညီကြလို့ စစ်ဖြစ်ရာမှာတော့ ဘယ်အဖွဲ့ပဲနိုင်နိုင် ဘယ်အဖွဲ့ပဲရှုံးရှုံး အားလုံးက အရှုံးတွေချည်းပါ။
စစ်ပွဲအတွင်းမှာ စစ်တိုက်သူတွေကတော့ တစ်ဖက်ရန်သူက ကိုယ့် ညီအစ်ကို မောင်နှမအရင်း ဖြစ်နေပါစေ အမိန့်အောက်မှာနေရတော့ စစ်နိုင်ဖို့သာ အဓိက လုပ်ဆောင်နေကြရပါတယ်။ မျက်နှာချင်းဆိုင်မှာ ရှိနေရင်တောင် ကိုယ့်မိသားစုဝင်နေပါစေ စစ်မြေပြင်မှာ ရောက်ရင်တော့ ကိုယ့်ရန်သူပါပဲ။
ဆေးမှူးရဲ့ သမီးလေးကတော့ ဒီစစ်ပွဲမှာ နိုင်တာရှုံးတာ သူနားလည်မှာမဟုတ်ပါဘူး။ ပြန်မလာနိုင်တော့တဲ့အဖေဖြစ်သူရဲ့ ပြန်လာရာလမ်းကို စောင့်မျှော်နေမယ်ဆိုတာတော့အသေအချာပါ။
၅ နှစ်အရွယ် သမီးလေးအတွက်တော့ ဘယ်သူ့ကို အပြစ်ပြောလို့ ဘယ်သူ့ကို အားကိုးရမယ်ဆိုတာလည်း သိနိုင်တဲ့အရွယ်လည်း မဟုတ်သေးပါဘူး။
#ဆေးမှူး #ကတုတ်ကျင်း #ဖုန်းမြည်သံ #သမီးဖြစ်သူ #နမ္မတူ
Shwe Phee Myay News Agency