ဗဟုသုတ

ကရင်ပြည်နယ် သံတောင်ကြီးဒေသထွက် ဒူးရင်း၊ မင်းကွတ်နှင့် ကြက်မောက်သီးများ တောင်ငူမြို့သို့ အဆက်မပြတ်ဝင်ရောက်ကာ ရောင်းအားကောင်းပြီး နယ်ဝေးများသို့လည်း တင်ပို့ရောင်းချလျက်ရှိ

ကရင်ပြည်နယ် သံတောင်ကြီး ဒေသထွက် ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီးနှင့် အခြားဥယျာဉ်ခြံထွက်သီးနှံများ တောင်ငူမြို့တွင်းသို့ အဆက်မပြတ်ဝင်ရောက်ကာ ရောင်းအားကောင်းလျက်ရှိပြီး တောင်ငူမြို့ဝယ်ရောင်းသမားများမှတစ်ဆင့် မြန်မာပြည်အနှံ့ အနယ်နယ်အရပ်ရပ်သို့လည်း တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသထွက် အသီးအနှံများရောင်းအား ကောင်းလျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးဒေသမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိဘဲ ဒေသတွင်းအဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် တင်းကျပ်စွာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း၊ မိမိတို့ဥယျာဉ်ခြံထွက် သီးနှံများကို အခက်အခဲ အမျိုးမျိုးကြားမှ သယ်ဆောင်ကာ တောင်ငူမြို့တွင်းသို့ တင်ပို့ရောင်းချနေရသောကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးနေသေးကြောင်း သံတောင်ကြီးဒေသ ဥယျာဉ်ခြံသမားများထံမှ သိရသည်။

ဒေသခံ ဥယျာဉ်ခြံသမားတစ်ဦးက “သံတောင်ကြီးက ညမထွက်ရ ပိတ်ထားတယ် ဂိတ်တွေကို မာရှယ်လောပိတ်ထားတယ်။ ဟိုတစ်လောက အရာရှိတစ်ယောက်နဲ့ ရဲတစ်ယောက်ကျသွားတာ လမ်းမှာချောင်ခိုတိုက်ခံရတော့လေ။ ကျသွားတာက ၁၃ မိုင်ဆေးရုံ ရှေ့နားမှာပဲကျသွားတာ၊ ဒါပေမဲ့ ရွာတွေဘက်တော့လျှောက်သွားနေတာပါပဲ။ သူတို့ရှိတဲ့ ဂိတ်တွေလောက်ပဲ မဖြတ်ခိုင်းတာပဲရှိတယ် ဒီဘက်မှာက ကေအင်န်ယူတွေလည်း ရှိတယ်လေ။ သူတို့ ဂိတ်တွေကိုမဖြတ်ခိုင်းတာပဲရှိတာ လောလောဆယ်ကတော့ တစ်မြို့လုံးတော့ မကြေညာသေးဘူးပေါ့။ ဂိတ်တွေလောက်ပဲ၊ သံတောင်အဝင် သံတောင်ကြီးအဝင် သံတောင်လေးအဝင် အဲဒီလိုမျိုးတွေမှာ မဝင်ရဘူးမထွက်ရဘူး အဲ့လိုမျိုးထုတ်ထားတာ။ ဒီမှာက အဲဒီလိုကျတော့တောင်ငူဘက်ကို ဆင်းမယ်ဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ ခြံသမားတွေက မနက်အစောဆို သူတို့ပို့စရာရှိတာပို့ သယ်စရာရှိတာသယ်ဆိုတော့ အချိန်ကန့်သတ်ထားတော့ နည်းနည်းတော့ အခက်အခဲတော့ရှိတာပေါ့။ ဒါပေမဲ့ သူတို့ရအောင်တော့ ရအောင်တော့ ပို့နေကြတာပဲ တောင်ငူပွဲရုံတွေကိုတော့ရောင်းလို့တောင် မလောက်ကြဘူး။ အခက်အခဲနည်းနည်းရှိတော့ နည်းနည်းလေးကြန့်ကြတာလောက်ပဲပေါ့။ ကုန်ကျစရိတ်လေးလည်း နည်းနည်းရှိတော့လည်း ထင်သလောက်လည်း အကျိုးအမြတ်မရှိကြဘူးလေ” ဟု ပြောကြားသည်။

ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ဘောဂလိ၊ ပင်းသီလာ၊ ဆူးပုတ်မြှောင်၊ လိပ်သို၊ မြယာကုန်း၊ တောပြာကြီးဟူ ဒေသနာမည်အမျိုးမျိုးဖြင့် ဒူးရင်းသီ၊ မင်းကွတ်သီး၊ ကြက်မောက်သီးများထွက်ရှိပြီး တောင်ငူ-သံတောင်လမ်းမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူ၊ ရေတာရှည်မြို့နယ်၊ ကျောက်ကြီး၊ ဖြူးမြို့နယ်များသို့ နေ့စဉ်လာရောက်ရောင်းချကြကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆိုင်ကယ်များဖြင့် တစ်နိုင်သယ်၍ လည်းကောင်း၊ ထော်လာဂျီများ၊ လိုက်ထရပ်များ၊ မော်တော်ယာဉ်များဖြင့် သယ်ပို့ရောင်းချကြကာ သံတောင်ကြီးမှ တောင်ငူမြို့သို့ဆင်းသော စစ်ဆေးရေးဂိတ်အချို့တွင် သယ်ဆောင်သော ဥယျာဉ်ခြံသီးနှံအပေါ်မူတည်ကာ သယ်ဆောင်ဖြတ်သန်းခများ ပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ် သံတောင်ကြီးဒေသမှ ဒူးရင်းသီးများအား ဝယ်ရောင်းလုပ်နေသူ တောင်ငူမြို့ခံတစ်ဦးက “ခါတိုင်းနှစ်တွေကတော့ တောင်ပေါ်ကိုတက်ဝယ်ရတယ်။ခုကျတော့ တောင်ပေါ်ကနေ လာရောင်းတယ်ကားဆိုလည်း စင်းပြတ်ဆိုင်ကယ်တွေဆိုလည်း စင်းပြတ်အလုံးသောင်းပြောင်းဝယ်ရတာ။ ကားဆိုရင် ခွေးဘီလူးဆို အလုံးရေ ၁၅၀၀ လောက်ပါတယ်။ ဆိုင်ကယ်ခွခြင်းသမားတွေဆိုရင် ၁၃၀၊ ၁၅၀ လောက်ပါတယ်။ ဒီကျမှအလုံးပြန်ရွေးပေါ့။ အလုံးအရွယ်အစားပေါ်မူတည်ပြီး ကျပ် ၁၀၀၀၊ ၅၀၀၀ ကနေ ၇၀၀၀ အထိ ပြန်ရောင်းရတယ်။ ကိုယ်ကတော့ ပွဲရုံတွေလို လာသမျှလက်မခံနိုင်လို့ လက်လီသဘော ဝယ်ရောင်းလောက်ပဲလုပ်တာဆိုတော့ တစ်ရက်ကိုနှစ်သောင်းခွဲ၊ သုံးသောင်းလောက်ပဲကျန်တယ်လေ။ ပွဲရုံတွေကတော့ လာသမျှအကုန်ယူတယ်။သူတို့က နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတွေကိုလည်း ပို့နိုင်ကြတယ်လေ၊ နေ့တိုင်းကတော့ရောင်းနေရတာပဲ ။နယ်ဝေးလက်ဆောင်ပေးသမားတွေရော၊ နယ်ဝေးလက်ကားသမားတွေရော နေ့တိုင်းအရောင်းအဝယ် ဖြစ်နေတာ” ဟု ပြောကြားသည်။

ဒူးရင်းသီးများ ပြန်လည်ရောင်းချရာတွင် မြို့ကြီး၊ မြို့ငယ်များတွင်ပြန်လည် ရောင်းချသူများကို ဖောက်သယ်ပေးခြင်း၊ ခရီးသွားယာဉ်ကြီးယာဉ်ငယ်များကို ရောင်းချခြင်းများရှိသကဲ့သို့ အဝေးသို့တင်ပို့ရောင်းချ၍ မရသော ဒူးရင်းသီးအကွဲသီးများကိုမူ ဖော့ဘူးဖြင့်ခွဲထည့်၍ မြို့တွင်း၌သာရောင်းချကြခြင်းလည်းရှိကြောင်း၊ ယခုကာလမိုးရာသီတွင် သံတောင်ကြီးဒေသအတွင်းရှိ တောင်ပေါ်ဒေသထွက်ကုန်များဖြစ်သော မင်းဂွတ်၊ သံပရာ၊ ပိန္နဲ၊ ငှက်ပျော၊ တညင်းသီးများအပြင် သဘာဝပျားရည်များလည်းနေ့စဉ်ထွက်ရှိ ရောင်းချလျက်ရှိကြောင်း သိရသည်။