ဗဟုသုတ

နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ဆိုင်းငံ့နေရဟု WHO ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ပြတ်တောက်မှုကြောင့် ဆင်းရဲချို့တဲ့သော နိုင်ငံအများအပြားတွင် ၎င်းတို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များကို ဆိုင်းငံ့ထားရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဇွန် ၁၈ ရက်၌ ပြောကြားခဲ့သည်။


ကာကွယ်ဆေးပြတ်လတ်မှုများကြောင့် COVID-19 ကာကွယ်ဆေး တစ်လုံးထိုးနှံခဲ့ပြီးသူများသည် ဒုတိယတစ်လုံးထပ်မံထိုးနှံခံရန် ကာလကြာရှည်စောင့်ဆိုင်းနေကြရသည်ဟု ဆိုသည်။

“ကာကွယ်ဆေး ဒုတိယတစ်လုံးဖြန့်ချိ ထိုးနှံပေးဖို့ ဆိုင်းငံ့နေရတဲ့ နိုင်ငံပေါင်းများစွာ ရှိနေပါတယ်” ဟု WHO ၏ ဆင်းရဲချို့တဲ့သောနိုင်ငံများကို ကာကွယ်ဆေးထောက်ပံ့ပေးသည့် နိုင်ငံတကာ Covax အစီအစဉ်ဆိုင်ရာ ခေါင်းဆောင် ဘရုစ့်သြဝါဒ့်က ပြောကြားခဲ့သည်။

“ကျွန်တော် သေသေချာချာ မှတ်မိမယ်ဆိုရင်တော့ ဥပမာအနေနဲ့ AstraZeneca ရဲ့ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံနိုင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံပေါင်း ၃၀ ဒါမှမဟုတ် ၄၀ ကျော်လောက် ရှိနိုင်ပါတယ်” ဟု သြဝါဒ့်က ထပ်မံပြောကြားခဲ့သည်။

အိန္ဒိယတိုက်ငယ်၊အာဖရိက ဆာဟာရတိုက်ငယ်၊လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတစ်လျှောက် ယင်းပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု WHO ကျွမ်းကျင်သူ သြဝါဒ့်က ပြောကြားခဲ့သည်။

နီပေါနှင့် သီရိလင်္ကာကဲ့သို့ အိန္ဒိယတစ်ဝန်းရှိ နိုင်ငံများသည် အထူးသဖြင့် အဆိုးရွားဆုံးခံစားရပြီး ရောဂါ၏အလွန်ပြင်းထန်သောလှိုင်းနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။