ဗဟုသုတ

သထုံမြို့နယ်အတွင်း လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် COVID-19 Positive လူနာခုနစ်ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ဇွန် ၁၉ ရက် နံနက်ပိုင်း ကလေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် COVID-19 Positive လူနာသစ်ခုနစ်ဦး ထပ်မံတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဇွန် ၁၉ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သည့် COVID-19 Positive လူနာအသစ်များမှာ ယမန်နေ့ (ဇွန် ၁၈ ရက်) က တွေ့ရှိခဲ့သော Positive လူနာများ၏ Contact ဖြစ်သည့် မိသားစုဝင်များဖြစ်ကြောင်း သထုံမြို့နယ်အတွင်း COVID-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးနေသည့် အဖြူရောင်နှလုံးသား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကိုဥက္ကာထွန်း၏ ပြောကြားချက်အရ သိရသည်။

“လူနာအသစ်ခုနစ်ဦးမှာ ပေါ်တော်မူကျေးရွာက သုံးဦးနဲ့သထုံမြို့ နန်းခဲရပ်ကွက်က လေးဦးပါ။ နန်းခဲရပ်ကွက်ကလေးဦးမှာ အသက် (၁၁ နှစ်)အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက်လေးနှစ်ကျော် ယောက်ျားလေးတစ်ဦး ပါဝင်တယ်။ လူနာတွေကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ Isolation Ward – 3 ကို အဖွဲ့ကသီးသန့်လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ကိုဥက္ကာထွန်းက ပြောကြားသည်။

“မိဘပြည်သူတွေအားလုံး အပြင်ထွက်ရင် Mask တပ်စေချင်ပါတယ်။ လူစုလူဝေးလည်း နည်းနည်းရှောင်စေချင်ပါတယ်။ အပြင်ကနေ အိမ်ကိုပြန်ရောက်လာရင်းလက်ကို Hand Gel လေးနဲ့ ဆပ်ပြာလေးနဲ့ သေချာဆေးစေချင်ပါတယ်။ အဲဒီလို လုပ်ဆောင်ကြဖို့အတွက်ကိုလည်း မေတ္တာရပ်ခံပါတယ်” ဟု ကိုဥက္ကာထွန်းက ဆက်လက်ပြောကြားသည်။

သထုံမြို့နယ်အတွင်း ဇွန် ၁၅ ရက်မှ ဇွန် ၁၉ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၅ ဦးအထိရှိခဲ့ကြောင်း သိရသည်။

လက်ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးရှိ COVID-19 Positive လူနာများ ဆေးကုသမှုပေးနေသည့် Isolation Ward – 1 နှင့် Isolation Ward – 3 တွင် ဇွန် ၁၉ ရက် နံနက်ပိုင်းအထိ ဆေးကုသမှုခံယူနေသူ ၃၆ ဦးရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၁၀ ရက်နောက်ပိုင်း ဓာတ်ခွဲအတည်ပြုလူနာ သေဆုံးသူ ငါးဦးအထိရှိလာပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။