News

“ယနေ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ နှင့် ရှေ့နေအဖွဲ့ နာရီဝက်ကျော် တွေ့ခွင့်ရခဲ့”

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ​နေပြည်​တော်​ကောင်စီဥက္ကဌ ​ဒေါက်တာမျိုး​အောင်တို့ ယ​နေ့(ဇွန် ၁၅)ရုံးချိန်း မစတင်မီ နာရီဝက်​ကျော် ​တွေ့ဆုံခွင့်ရခဲ့ကြ​​ကြောင်း သိရသည်။

တရားလွှတ်​တော်​ရှေ့​နေ ​ဒေါ်မင်းမင်းစိုးက”ဒီ​နေ့ အမှု​ပေါ့။ ၅၀၅(ခ)နဲ့ ပတ်သတ်တဲ့အမှုက စစ်ရမှာဆို​တော့ သူတို့ ၃​ယောက်စလုံးနဲ့ ကျွန်မတို့ နဲ့​ တပြိုင်နက်တည်း ​တွေ့ရတာပါရှင့်”ဟု ​ပြောသည်။

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် သမ္မတ ဦးဝင်းမြင့် ၊ ​ဒေါက်တာမျိုး​အောင်တို့နှင့် တွေ့ဆုံခွင့်ရလို​ကြောင်း ဇွန်လ ရရက်​နေ့ ရုံးချိန်းတွင် ​တောင်းဆိုခဲ့ပြီး​နောက် ယ​နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ​၃ဦး​ တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

“သူတို့ ၃ဦးစလုံးနဲ့ ​ရှေ့​နေ​တွေနဲ့ သီးသန့်​တွေ့တယ်လို့ ​ပြောလို့ရပါတယ်။ အခန်းထဲမှာ ကျွန်မတို့ကြီးပဲ ​တွေ့ဆုံပြီး ​ပြောကြရတာပါ”ဟု ​ဒေါ်မင်းမင်းစိုးက ဆိုသည်။

ယ​နေ့ ရုံးချိန်းတွင် ဒေါ်​အောင်ဆန်းစုကြည်ကို ထပ်မံစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ (၂၅)နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် ​နေပြည်​တော်​ကောင်စီဥက္ကဌ ​ဒေါက်တာမျိုး​အောင်တို့ ၃ဦးလုံးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅(ခ) စသည့်အမှု ၂မှုကို စစ်​ဆေးခဲ့ခြင်းဖြစ်သည်။

ယ​နေ့တွင် ပုဒ်မ ၅၀၅(ခ)နှင့် ပတ်သတ်ပြီး တရားလို ဒက္ခိဏခရိုင်ဒုတိယအ​ထွေ​ထွေအုပ်ချုပ်​ရေးမှူး ဦးစိုးစိုး​ရွှေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ (၂၅)နှင့် ပတ်သတ်ပြီး တရားလို ဦးထွန်းမြင့်​အောင်(ခ) ဦးညီညီတို့ကို စစ်​ဆေးခဲ့​ကြောင်း သိရသည်။ ပြန်လှန်စစ်​မေးခြင်းကို ​နောက်ရုံးချိန်းသို့ ချိန်းဆိုထား​ကြောင်း သိရသည်။

​ဒေါ်မင်းမင်းစိုးက”အမြဲတမ်း အ​မေ့ကို​တွေလိုက်ရင် Strongဖြစ်တယ်။ Confidenceရှိတယ်ဆိုတဲ့ပုံစံ အမြဲတမ်းရှိ​နေပါတယ်”ဟု​ပြောသည်။

လက်ရှိတွင် နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅ ဖြင့် ၂မှု၊ ပို့ကုန်၊ သွင်းကုန် ဥပ​ဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျှို့ဝှက်ဥပ​ဒေပုဒ်မ ၃(၁)(ဂ)တို့ဖြင့် တရားစွဲခံထားရပြီး အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​​ဒေပုဒ်မ ၅၅ ဖြင့်လည်း အမှုဖွင့်ခံထားရသည်။

ထို့အပြင် သမ္မတဦးဝင်းမြင့်အ​နေဖြင့်လည်း ​နေပြည်​တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပ​ဒေပုဒ်မ ၂၅၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ​တရားစွဲခံထားရသည်။

အဆိုပါအမှုများထဲမှ ​နေပြည်​တော်တွင် စွဲဆိုထားသည့်အမှုများကို ရက်​ပေါင်း ၁၈ဝအတွင်း အပြီးစစ်​ဆေးသွားရန် တရားရုံးက ဆုံးဖြတ်ထားပြီး ရုံးချိန်းကို အပတ်စဉ် တနင်္လာ​နေ့နှင့် အင်္ဂါ​နေ့တို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ထို့​ကြောင့် အဆိုပါ အမှုများကိုလာမည့် ဇူလိုင်လ ၂၆ ရက်​နေ့တွင် အပြီးသတ်​ဆောင်ရွက်သွားရန် ​ယေဘူယျ စီစဉ်ထား​ကြောင်းလည်း သိရသည်။

News Watch TV