News

“ရန်ကုန်မှ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကိုဗစ်ကြောင့် ဆရာမ (၁)ဦး သေဆုံးပြီး၂၄၆ ဦး ကိုဗစ်ကူးစက်ခံရ”

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငွေနံသာကျေးရွာတွင်ရှိသည့် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကိုရိုနာဗိုင်းပ်စ်ကူးစက်မှုကြောင့် ဆရာမတစ်ဦးသေဆုံးပြီး အမြန်စစ် Test Kit ဖြင့်စစ်ဆေးရာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၄၆ ဦးရှိနေသည့်အတွက် ဆက်လက်စောင့်ကြည့်နေသည်။

ဇွန်လ ၁၂ ရက်နေ့က ကိုယ်ပိုင်အထက်တန်းကျောင်း၏ အထက်တန်းပြဆရာမတစ်ဦးဖြစ်သော ဒေါ်အေးအေးမြင့် ( ခေါ်) ဒေါ်ဘေဘီသည် (အသက် ၆၃ နှစ်) သည် အောက်စီဂျင်လျော့ကျကာ အသက်ရှုကြပ်ပြီးသေဆုံးခဲ့သည်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်ခင်ကြီးက သူ၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် လှည်ကူးမြို့နယ် ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ဆရာ၊ဆရာမ၊ကျောင်းသားကျောင်းသူ၊ဝန်ထမ်း ၄၅၆ဦးကို ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်အထိ ရောဂါအမြန်ရှာစစ်ဆေးချက် Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးရာ စုစုပေါင်း၂၄၆ဦး ပိုးတွေ့ရှိခဲ့သည်ဟု ရေးသားထားသည်။ ကျောင်းအမည်ဖော်ပြခြင်းမရှိသော်လည်း မဟော်သဓာအထက်တန်းကျောင်းဖြစ်သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

ပိုးတွေ့သူများမှာ ရောဂါလက္ခဏာမပေါ်သေးတာကြောင့် စောင့်ကြည့်နေပြီး ပေါ်ပေါက်လာပါက ဖောင်ကြီးကိုဗစ်စင်တာ၊လှိုင်သာယာပြည်သူ့ဆေးရုံ၊လှည်ကူးဆေးရုံကိုပို့ဆောင်ရန်အတွက် အဆင်သင့်ပြင်ထားကြောင်း ဒေါ်ခင်ခင်ကြီးက ဆက်လက်ရေးသားထားသည်။

ရောဂါလက္ခဏာရှိသူများထံမှ နှာခေါင်းတို့ပတ်ယူပြီး RDT စစ်ဆေးချက်အတွက် အမြန်စစ်စမ်းသပ်ကိရိယာ Test Kit ကို ကမ္ဘာ့ကျန်းမာရေးဌာန (WHO) က အသိအမှတ်ပြုထားပြီးသားဖြစ်သော်လည်း အားနည်းချက်များရှိနေသည်။ ထို့ကြောင့် ရောဂါလက္ခဏာရှိသူများကို ငါးရက်မှသည် ခုနှစ်ရက်အတွင်း စစ်ဆေးမှသာအကောင်းဆုံးရလာဒ်ရနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။

ဇွန်လ၁၀ရက်နေ့တွင် ကျောင်းသူတစ်ဦးမှ အနံပျောက်ရာမှ စစ်ဆေးရာပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသားတစ်ဦး၏ မိဘက မဇ္ဈိမ သို့ပြောသည်။
မဟော်သဓာအထက်တန်းကျောင်းကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး Grade 10 နှင့် Grade 11 ကျောင်းသားများတက်ရောက်သင်ကြားခဲ့သည်။

Mizzima – News in Burmese