ဗဟုသုတ

“မီးဖိုချောင်သုံး ပစ္စည်းများဖြင့် အလွယ်တကူ ပြုလုပ်နိုင်သော သဘာဝပေါင်းသတ်ဆေးများ”

မိမိတို့ စိုက်ခင်းမှာ စိုက်ပျိုးတဲ့ အဓိက သီးနှံပင်တွေနဲ့ အာဟာရဓာတ်များ၊ရေနဲ့ နေရောင်ခြည်တွေကို လုယူစားသောက်နေတဲ့ ပေါင်းပင်တွေဟာ တောင်သူအတွက် ရန်သူတွေဖြစ်ပါတယ်။ သီးနှံပင်နဲ့ ပေါင်းပင်တွေ ယှဉ်ပြိုင်မှုအမြင့်ဆုံးကာလဟာ သီးနှံစိုက်ပျိုးပြီး ၂ပတ်မှ၁၀ပတ်အတွင်း ဖြစ်ပါတယ်။

ဒါကြောင့် ယှဉ်ပြိုင်မှုအပြင်းဆုံးကာလမတိုင်မီ ပေါင်းမြက်တွေကို နှိမ်နှင်ခြင်းဖြင့် အပင်ငယ်စဉ်ကာလမှာ ပေါင်းပင်နဲ့ ယှဉ်ပြိုင်ရတာနဲ့ ပေါင်းသတ်ဆေးများအသုံးပြုမှုကို လျှော့ချနိုင်ပြီး သီးနှံအထွက်နှုန်း လျှော့ကျမှုကို ကာကွယ်နိုင်ပါတယ်။

ပေါင်းပင်အမြင့်၁၀လက်မရောက်မှ နှိမ်နှင်းရင် အထွက်နှုန်း ဆုံးရှုံးမှု ၁၅ရာခိုင်နှုန်းနီးပါး ရှိနိုင်ပါတယ်။ တောင်သူတွေဟာ ပေါင်းကို သမာရိုးကျ လက်ဖြင့် နှုတ်ခြင်း၊ ပေါင်းသတ်ဆေး အသုံးပြုခြင်း စတာတွေနဲ့နှိမ်နှင်းကြပါတယ်။ စိုက်ဧကများစွာ ပိုင်ဆိုင်တဲ့ သူတွေအတွက်တော့ လက်နဲ့နှိမ်နှင်းခြင်းဟာ ကုန်ကျစရိတ်များပြားတာကြောင့် ပေါင်းသတ်ဆေးတွေကိုပဲ အလွယ်တကူ အသုံးပြုလာကြပါတယ်။

ပေါင်းသတ်ဆေးတွေဟာ ပေါင်းပင်တွေကို သေစေနိုင်ပေမယ့် မှားယွင်းစွာ သုံးစွဲမှုများကြောင့် မြေကြီးနဲ့ ရေညစ်ညမ်းခြင်း၊မြေဆီလွှာ ပျက်ဆီးခြင်း၊ ပေါင်းသတ်ဆေးများကို ရှူသွင်းမိရာမှ လူသားတွေရဲ့ ကျန်းမားရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအပတ်တော့ တောင်သူ့တံတားရဲ့ တောင်သူဦးကြီးတို့အတွက် အိမ်သုံး ပစ္စည်းတွေအသုံးပြုပြီး အလွယ်တကူ ပြုလုပ်နိုင်တဲ့ သဘာဝ ပေါင်းသတ်ဆေးများအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ရှောက်ရည်၊သံပုရာရည်

ရှောက်သီး ၊ သံပုရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်တွေဟာ ပေါင်းမြက်တွေကို နှစ်ရက်မတွင်း သေစေနိုင်ပါတယ်။ ရေ၁၂အောင်စနဲ့ ရှောက်သီး(သို့) သံပုရာသီး တစ်လုံးကို အရည်ညှစ်ပြီး ရောမွှေပြီးရင် ပေါင်းပင်တွေကို ဖြန်းပါ။ ရှောက်ရည်၊သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်ဟာ ပေါင်းပင်သာမက သီးနှံပင်တွေကိုပါ သက်ရောက်နိုင်တာကြောင့် ပေါင်းရှိတဲ့ နေရာကိုပဲ ဖြန်းပါ။

၂။ ဂျင်အရက်

ဂျင်အရက်ကို ရွက်ပြန့်ပေါင်းများနှိမ်နှင်းရာတွင် အသုံးပြုနိုင်ပါတယ်။ ဂျင်အရက် ၁အောင်စကို ရေ၂ခွက်နဲ့ ရောပြီး နေသာပြီး ပူတဲ့နေ့တွေမှာ ပေါင်းပင်တွေကို ဖြန်းပါ။

၃။ ပင်လယ်ဆားကြမ်း

ပင်လယ်ဆားကြမ်းကို သဘာဝနည်းအားဖြင့် ပေါင်းနှိမ်နှင်းဖို့အတွက် သုံးနိုင်ပါတယ်။ ပေါင်းပင်တွေပေါ်မှာ ဆားအနည်းငယ်ဖြူးပေးခြင်းဖြင့် ဆားဟာ မြေကြီးထဲကို စိမ့်ဝင်သွားပြီး အမြစ်တွေကို ခြောက်သွေ့စေခြင်းအားဖြင့် ပေါင်းပင်တွေကို သေစေပါတယ်။ သီးနှံပင်တွေကို မထိတွေ့စေဖို့သတိပြုပါ။

၄။ ရှာလကာရည်နှင့် ပင်လယ်ဆားကြမ်း

ပါဝင်ပစ္စည်း

အိမ်သုံးရှာလကာရည်- ၁ဂါလံ

ဆား-၁ခွက်

ပန်ကန်ဆေးဆပ်ပြာရည်-စာပွဲတင်ဇွန်း ၁ဇွန်း

၅ရာခိုင်နှုန်း အိမ်သုံးရှာလကာရည်ကို ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ ရှာလကာရည်ထဲမှာ ပါဝင်တဲ့ အက်စီတစ်အက်ဆစ်နဲ့ ဆားဟာ ပေါင်းပင်က အစိုဓာတ်ကို စုပ်ယူပြီး ခြောက်သွေ့သေစေပါတယ်။ ဆပ်ပြာရည်ဟာ ဆေးရည်တွေ ပေါင်းပင်မှာ စွဲကပ်နေစေဖို့အတွက် ဖြစ်ပါတယ်။ အိမ်သုံး ရှာလကာရည် ၁ဂါလံ၊ဆား၁ခွက်နဲ့ ဆပ်ပြာရည် ၁ဇွန်း ကို ရောပြီး ပေါင်းတွေ သေတဲ့အထိ ပက်ဖြန်းနိုင်ပါတယ်။

နေ့တစ်နေ့ရဲ့ နေအသာဆုံးအချိန်မှာ ပက်ဖြန်းပါ။ ဒါပေမယ့် ဒီဆေးဟာ ရွေးချယ် ပေါင်းသတ်ဆေး မဟုတ်တာကြောင့် စိုက်ပျိုးသီးနှံကို မထိတွေ့မိစေဖို့ ဂရုစိုက်ပါ ။ အကောင်းဆုံးမှာ သီးနှံတွေ မစိုက်ခင် မြေပြင်ချိန် ပေါင်းထူရင်င် အသုံးပြုတာ ပိုကောင်းပါတယ် ။

၅။ မြေဖုံးပေးခြင်း

ရောက်ရိုး၊မြက်ခြောက်၊ ပလပ်စတစ်၊သတင်းစာတွေနဲ့ မြေဖုံးပြီး စိုက်ပျိုးပေးခြင်းဖြင့် ပေါင်းစေ့တွေဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေတာကြောင့် ပေါင်းပင်ပေါက်ရောက်မှုကို လျော့ကျစေပါတယ်။ မြေဖုံးပြီး စိုက်ပျိုးခြင်းဖြင့် ပေါင်းပင်တွေကို သေစေနိုင်သလို မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး မြေဖုံး ပစ္စည်းတွေ ဆွေးမြေ့ရာမှ မြေဆီဩဇာကို ကောင်းမွန်စေပါတယ်။

#တောင်သူ့တံတား