ကျန်းမာရေး

“ဆီးချိုသမားတွေအတွက် အနီးကပ်ဆုံးရန်သူ “ထမင်းဖြူ”

မြန်မာလူမျိုးတို့သည် ထမင်းပုံမှန်စားလေ့ရှိသဖြင့် ဆီးချိုရောဂါကို ကုသရာ၌ ထမင်းကို မှန်ကန်အောင် စားတတ်ဖို့ လွန်စွာအရေးကြီးပါသည်။

ထမင်း (ဆန်) တွင် ကာဘိုဟိုက်ဒြိတ် များစွာပါဝင်သဖြင့် အများကြီးစားလို့ မရပေ။ ထမင်းပန်းကန်ထဲတွင် ဆီးချိုတက်စေသော နံပါတ်တစ်ပစ္စည်းမှာ ထမင်း (ဆန်) ပင်ဖြစ်သည်။

ဟင်းမျိုးစုံ (အသား၊ ငါး၊ ပုစွန်) နှင့် ဟင်းသီးဟင်းရွက်များမှာ ဆီးချိုသိပ်တက်လေ့မရှိပေ။ ထို့ကြောင့် မိမိအနေနှင့် လူနာများကို လိုတိုရှင်းမှာရာတွင် “ထမင်းနည်းနည်း၊ ဟင်းများများ၊ ဟင်းသီးဟင်းရွက် ကြိုက်သလောက်စားပါ” ဟူ၍ဖြစ်သည်။

ဆန်အမျိုးအစား ရွေးချယ်ရာတွင် ဖြူဖွေးအောင်ဖွတ်ထားသောဆန်ထက် ဆန်လုံးညိုက ပိုကောင်းသော်လည်း လူနာစားနိုင်ဖို့တော့ လိုပါသည်။ ဆန်အနုထက် ဆန်ကြမ်းက အူအတွင်း ချေဖျက်ချိန်ပိုမိုကြာသဖြင့် သွေးတွင်၌ ဂလူးကို့စ် ရုတ်တရက်မတက်နိုင်သောကြောင့် ပို၍သင့်တော်ပါသည်။

မိမိကြိုက်သည့် ဆန်အမျိုးအစားကို စားနိုင်သော်လည်း ဆန်နုလေ ပိုဖြူလေ ပိုပြီးလျှော့စားဖို့လိုလေဖြစ်ကြောင်း သိဖို့အရေးကြီးပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)