News

“ကူမင်းမြို့အထိရောက်လာတဲ့ တောရိုင်းဆင်အုပ်စုကြောင့် ဒေါ်လာ ၁.၁သန်းအထိ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တရုတ်”

၁၅ ကောင်အထိပါဝင်တဲ့ ဆင်အုပ်တစ်အုပ်ဟာ မိုင်ပေါင်း ၃၀၀ ကျော်တဲ့ ခရီးကို နှင်လာခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ကူမင်းအထိကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ယူနန်ပြည်နယ်ရဲ့ မြို့တော်ကူမင်းကို ဗုဒ္ဓဟူးနေ့က တောဆင်ရိုင်းအုပ်စုရောက်ရှိလာခဲ့ပြီး သူတို့ဟာ တောင်ပိုင်းသစ်တောတွေကနေ ရာနဲ့ချီတဲ့ ကီလိုမီတာခရီးကို နှင်လာခဲ့ကြတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အာရှဆင်အုပ်စုမှာတော့ ဆင်ပေါက်လေးသုံးကောင်ပါဝင်ပြီး ထိန်းသိမ်းရေးနယ်မြေက ဆင်တွေလို့လည်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ အဝေးပြေးလမ်းမကြီးနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေကို ကျော်ဖြတ်ခဲ့ကာ ကီလိုမီတာ ၅၀၀ အထိ အကွာအဝေးကိုရောက်ရှိခဲ့ကြပြီး လူပေါင်း ၈ သန်းလောက်နေထိုင်တဲ့ ကူမင်းမြို့ရဲ့ အနီးနားထိကို ရောက်ရှိလာခဲ့ကြပါတယ်။

ဇွန်လ ၂ ရက်နေ့ နေ့လည်ပိုင်းမှာရောက်ရှိလာခဲ့တာဖြစ်ပြီး မြောက်ဘက်ကို ဘာကြောင့်ရောက်ရှိလာခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဆင်ဟွာရဲ့ ဖော်ပြချက်အရဆိုရင်တော့ သစ်တောနယ်မြေတွေမှာ စားကျက်မြေရှားပါးလာတာကြောင့်လို့ ယူဆကြောင်း သိရပါတယ်။ ယူနန်ပြည်နယ်အတွင်းမှာ တိရိစ္ဆာန်တွေအတွက် စားကျက်မြေရှားပါးမှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ တရိပ်ရိပ်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ကောက်ပဲသီးနှံစိုက်ခင်းတွေကို ဝင်ရောက်ကာ စားသောက်ခြင်းတွေပြုလုပ်ခဲ့လို့လည်း ရွာသားတွေနဲ့ ဆင်အုပ်စုကြားမှာ တိုက်ပွဲတွေဖြစ်လာနိုင်ပါတယ်။ ဆင်အုပ်စုလာရာလမ်းတလျှောက်မှာတော့ ဒေါ်လာ ၁.၁သန်းတန်ဖိုးရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပြီး စိုက်ခင်းတွေပျက်စီးမှုက စိုးရိမ်စရာကောင်းနေခဲ့ပါတယ်။ မြန်မာ၊ ဗီယက်နမ်၊ လာအိုတို့နဲ့ နယ်နိမတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်အစိုးရကတော့ ဆင်တွေကို လမ်းကြောင်းပြောင်းသွားအောင် ကြိုးစားနေပါတယ်။

လူနေအိမ်ဧရိယာတွေအတွင်းကို ဝင်ရောက်မလာစေဖို့အတွက် ယူနန်အာဏပိုင်တွေက လမ်းတွေမှာ အတားအဆီးတွေပြုလုပ်ထားပြီး တန်နဲ့ချီတဲ့အစားအစာတွေကိုလည်း လမ်းကြောင်းပြောင်းရာမှာ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

#therivernews