မင်းအောင်လှိုင်သည် တရုတ် မီဒီယာနှင့် အင်တာဗျူးတွင် NUG ကို လေလှိုင်းပေါ်က အစိုးရအဖြစ် ပြောသွားခဲ့သည်။ထိုသို့ ပြောခဲ့သော်လည်း NUG ၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်တွင် ပြည်သူတွေ ကြည့်ရှုလို့ မရအောင် အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ခဲ့သည်။သူကိုယ်တိုင် လေလှိုင်းပေါ်က အစိုးရလို့ ပြောခဲ့သော NUG ၏ သတင်းစာရှင်းလင်းပွဲကို ယခုလို လိုင်းဖြတ်တောက်မှု ပြုလုပ်ခြင်းမှာ NUG ၏ လေတိုက်မည်ကိုပင် ကြောက်ရွံ့သည့် သဘောဖြစ်နေပေသည်။
အမျိုးသား ညီညွတ်ရေး အစိုးရမှ အချိန်အခါ နှင့် အညီ လုပ်သင့် လုပ်ထိုက်သည်ဟု ယူဆသည်ကို ရဲဝံ့ ပြတ် သားစွာ ဆောင်ရွက်လိုက်ပြီ ဖြစ်သည်။ ဤသည်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲပြီးသည်နှင့် ၁၉၈၂ နိုင်ငံသား ဥပဒေကို ဖျက်သိမ်းပြီး နိုင်ငံတွင်း မွေးဖွားကြီးပြင်းခဲ့သည့် ရိုဟင်ဂျာ လူမျိုးစု ဝင်များအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားရေးကို ပြန်လည် သုံးသပ်သွားမည်ဟု ကမ္ဘာသိ ထုတ်ပြန်ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
NUG သည် အဆိုပါ ကိစ္စအပေါ် တရားဝင် ရပ်တည်ချက် ပေးရန် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ခံနေရသည် မှာ ကြာမြင့်လှပြီ ဖြစ်သည်။ လက်ရှိ ကြေညာချက်အရ NUG အပေါ် နိုင်ငံတကာ၏ ထောက်ခံမှု ရရန် လမ်းပွင့် သွားခဲ့လေသည်။
တဆက်တည်းမှာပင် ရိုဟင်ဂျာ များ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများအား အိုင်စီစီ သို့ လွှဲပြောင်းပေး သွားရန်ကိုလည်း ရည်ရွယ်ပြီး ဖြစ်သည်ဟု ဆိုသည်။
NUG ၏ ဆုံးဖြတ်ချက်ကို စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများ အတွင်း သဘောကွဲလွဲမှု ရှိလာနိုင်သော် လည်း တမျိုးသားလုံး ရင်ဆိုင်နေရသော သေရေးရှင်ရေး ပြဿနာကြီးကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် နည်းလမ်း ပေါင်းများစွာထဲမှ တခု အဖြစ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ထိုပြင် နိုင်ငံသည် ကမ္ဘာ အဆင့်မီ ထိပ်တန်း ခေါင်းဆောင်တဦး ရရှိထားသည့် အနေအထားမှ နိုင်ငံတကာ၏ ဝိုင်းပယ်ခြင်း ခံနေရဖို့ ရှိနေရုံသာမက မင်းအောင်လှိုင်ကဲ့သို့ တောင်မရောက် မြောက်မရောက် စစ်ဗိုလ်ချုပ် တဦး၏ အုပ်ချုပ်မှုအောက်သို့ သက်ဆင်းသွားရမည် ဆိုလျှင် တိုင်းပြည်၏ အနာဂတ်သည် လွန်စွာ ရင်လေး ဖွယ်ပင် ဖြစ်သည်။ ၎င်းတို့ အဖို့ကတော့ ဘိုးဘွားအမွေ အနှစ်အလား ကမ္ဘာပျက်သွားသည်အထိ နိုင်ငံကို ဆက်လက် အုပ်ချုပ်သွားရန် စိတ်ပိုင်းဖြတ်ထားကြပြီး ဖြစ်သည်။
ဆယ်နှစ်နီးပါး ကြာ စတင် တည်ဆောက်ခဲ့ရသည့် တိုင်းပြည်ကြီးမှာ လပိုင်းအတွင်း ပြိုလဲလိုက်လာနေပြီး စစ်တလင်း အဖြစ် ကူးပြောင်းလာမည့် အရေးကို အချိန်မီ ကာကွယ်နိုင်ရန် NUG မှ အတတ်နိုင်ဆုံး နည်းလမ်း ပေါင်းစုံ ဖြင့် ကြိုးပမ်းလျှက် ရှိနေသည်။
အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အသက်ဆက် နိုင်ရေး အတွက် တခုတည်းသာ ကျန်တော့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရယူနိုင်ဖို့သာ အားသွန်ခွန်စိုက် လုံးပမ်းလျှက် ရှိနေသည်။
သို့သော် မင်းအောင်လှိုင်သည် မိမိ၏ လုပ်ရပ်ကို လူထုအနေနှင့် ထိုမျှလောက်အထိ အကြီးအကျယ် ဆန့်ကျင် လာလိမ့်မည်ဟု မထင်ခဲ့သဖြင့် ယခုထိ တိုင်းပြည်အား အပြည့်အဝ ထိန်းချုပ် နိုင်စွမ်း မရှိသေးကြောင်း ဟောင်ကောင်ရှိ Phoenix ရုပ်သံနှင့် မေလ ၂၀ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတွင် ထူးထူးခြားခြား ဝန်ခံသွား ခဲ့သည်။ ယခုအချိန်အထိ ကောက်ယူခဲ့သော စာရင်းဇယားအရ အသတ်ခံခဲ့ရသူ ၈၄၅ ဦး ရှိသွားခဲ့ပြီဖြစ် သော်လည်း သူ သတ်ခဲ့သည့် အရည်အတွက်သည် ၃၀၀ ခန့်သာ ရှိသည်ဟု ဆိုသည်။ အဆိုပါ တွေ့ဆုံမေး မြန်းခန်းကို မြဝတီက ကြာသပတေးနေ့ ညမှပင် ထုတ်လွှင့်ပြသခဲ့သည်။
နိုင်ငံတွင်း ရောက်ရှိနေသော အာဆီယံ သံအဖွဲ့ နှင့် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေ့လည် နှစ်နာရီ တွင် စတင်တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့၏ အချက် ငါးချက်တွင် ပါဝင် ဆက်နွယ်နေသူများ ညှိနှိုင်း ဆွေးနွေးရန် လုံးပမ်းမည်ဟု ပါဝင်နေသော်လည်း အာဏာသိမ်းတပ်များကမူ NUG အစိုးရ၏ လူသိ ရှင်ကြား ထုတ်ပြန်ကြေညာထားသော သတင်းစာ ရှင်းလင်းပွဲ လုပ်မည့် အချိန်တွင် အချိန် ကိုက်၍ အင်တာ နက်ကို အစအန မကျန်အောင် တနာရီတိတိ ဖြတ်တောက် ပြစ်ခဲ့သည့် ဂုဏ်သိက္ခာမဲ့သော လုပ်ရပ်ကို အကြောက်တရား ကြောင့် လူသိ ရှင်ကြား ပြုလုပ်ခဲ့ကြသည်။ ဤသည်ကပင် အင်တာနက် နှင့် ပတ်သက်ပြီး ခြေရာခံ စုံစမ်းနိုင်သည့် နည်းပညာ ၎င်းတို့တွင် မရှိသေးကြောင်း ပြဆိုနေပေသည်။
အာဆီယံ အဖို့လည်း နိုင်ငံတကာ၏ ဖိအားများကြောင့်သာ ရောက်လာရပြီး ဘာဆက်လုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေပုံရှိသည်။ သူတို့ အစီအစဉ်တွင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တွေ့ဆုံရန် ပါရှိပုံ မရပေ။
လက်ရှိတွင် အဓိကနေရာမှ ပါဝင်နေသူ နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့ကိုပင် မည်သည့် နေရာတွင် ဖမ်းဆီးထားမှန်း မသိရ ဖြစ်နေသည်။
ထိုသို့သော အနေအထားတွင် အာဆီယံအား ကြားဝင် ဖြန်ဖြေပေးနိုင်လိမ့်မည်ဟု အနောက်နိုင်ငံများက ယူဆ နေခြင်းသည်ပင် မြေပြင် အခြေအနေနှင့် ကိုက်ညီအောင် တွေးတော နိုင်စွမ်း မရှိ၍လော၊ သို့တည်းမဟုတ် မျက်နှာလွှဲခဲပစ် လုပ်ခြင်းလော ဆိုသည်ကိုတော့ ၎င်းတို့ပင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ထိုင်း နှင့် လာအို တို့က မြန်မာ အရေးတွင် ၎င်းတို့ ပါဝင် ပတ်သက်လိုခြင်း မရှိဟု ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီး ဖြစ်သည်။
ထိုအတွက် အိန္ဒိယ အပါအဝင် အိမ်နီးချင်း နိုင်ငံအားလုံး က ပြည်သူများ၏ အသက်စွန့် ရုန်းကန် တိုက်ပွဲ ဝင်နေမှု ကို “ဘာမှ ဖြစ်လာစရာ အကြောင်း မရှိ” ဟု အယူအဆဖြင့် အာဏာရှင်တို့ဖြင့် ဆက်ဆံနေသည်ကပင် မခံချင် စိတ်ဖြင့် ၎င်းတို့အား မဖြစ်ဖြစ်အောင် မောင်းထုတ် ပြမည်ဟူသော ဂျင်ဇီး တို့၏ ခံယူချက်ကို သွေးသစ် လောင်း ပေးလိုက်ခြင်း မျိုးလည်း ဖြစ်ပေသည်။
NUG ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦးမှလည်း အာဆီယံ အပေါ် ရှိခဲ့သည့် အနည်းငယ်မျှသော မျှော်လင့်ချက်ပင် ကုန်ဆုံးသွားပြီ ဖြစ်သည်ဟု
ထုတ်ဖေါ် ပြောဆိုလိုက်သည်။
သူတို့၏ ခရီးစဉ်သည် နိုင်ငံတကာမှ ပြန်လည် ဆေးဖေါ်ကြောဖက် လုပ်လာကြပြီဟူသော မင်းအောင်လှိုင်၏ မျှော်လင့်နေချက်ကို အားဖြည့်ပေးလိုက်ခြင်းထက် ပိုပြီး အကျိုးထူးလာစရာ အကြောင်း မရှိပေ။
ဘာတွေ ပြောဆိုနေသည်နှင့် ပတ်သက်၍ သတင်း ထွက်မလာသေးသော်လည်း မင်းအောင်လှိုင်၏ ရွေးကောက် ပွဲ ကျင်းပပေးမည် ဆိုသော ကတိနှင့်သာ ကျေနပ်ပြီး ပြန်သွားကြမည့် အဆင့်ထက် ပိုမည် မထင်ပေ။ မင်းအောင် လှိုင် ခန့်ထားသော ရွေးကော် ဥက္ကဌ ဆိုသူ သိန်းစိုးနှင့် သွားရောက် တွေ့ဆုံသွားခဲ့ခြင်းက ထင်ရှားနေပေသည်။ သိန်းစိုး က ရွေးကောက်ပွဲ အတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများကိုပင် ဆွေးနွေး သွားခဲ့သည်ဟု သိရသည်။
၎င်းတို့ ပြုလုပ်မည် ရွေးကောက်ပွဲကား ပြည်သူများ၏ မျှော်လင့်ချက် ပုံအောထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး ကမ္ဘာအသိအမှတ်ပြု ခေါင်းဆောင်များအား အကျဉ်းချကာ လူထုကို သေနတ်ပြ၍ မဲရုံထဲ မောင်းထည့်ခြင်း မျိုးသာ ဖြစ်ပေမည်။
မင်းအောင်လှိုင်သည် အက်စ်ကီမိုးတို့ကို ရေခဲ ဝယ်ယူရန် လိုအပ်က ပြောဆိုသိမ်းသွင်း နိုင်စွမ်း ရှိသူဟု သူ့ကိုယ် သူ ယုံကြည်နေဆဲ ဖြစ်သည်။
အာဆီယံ အဖွဲ့ ရောက်ရှိနေသည့် နေ့မှာပင် ဒလန်များ၏ သတင်းပေးချက်အရ တောင်ဥက္ကလာပ လူနေ ရပ်ကွက် ထဲသို့ ဝင်ရောက် ရှာဖွေပြီး ကျောင်းသား ၄ ဦး ကို ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၃ ဦး ဒဏ်ရာရရှိသွားသော်လည်း ဒဏ်ရာ ကြီးနှင့်ပင် ၂ ဦး လွတ်မြောက်သွားပြီး ၂ ယောက် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ယခုအခါ တိုက်ပွဲများက ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမ အထိပင် ပျံ့နှံ့လာနေပြီ ဖြစ်သည်။
အရေးတော်ပုံ အောင်ရမည်!!!
Hla Soewai
ဓါတ်ပုံ – ကရက်ဒစ်