မြို့နယ်သံဃနာယကဆိုင်းဘုတ်နဲ့ကျောင်းဆောင်ကို ခေါင်းထောင်ကြည့်လိုက်တော့ဝရံတာမှာ ကလေးနို့လှန်တိုက်နေရှာတဲ့သားသည်မိခင်ကိုတွေ့ရ..…
မဆန်းပါဘူးလေကျောင်းတိုင်းလိုလိုမှာသင်္ကန်းနဲ့ပုဆိုးထမိန်တစ်တန်းထဲလှန်းနေတာရိုးရာလိုဖြစ်နေပြီဆိုမှတော့…ကျောင်းတို့ရဲ့ရိုးရာ မျိုးဘာသာဖျက်ပွဲတစ်ခုလို့ပဲမှတ်ယူရုံပေါ့…။
စိတ်ပြေလက်ပျောက်ဘုရားတွေလျှောက်ဖူးတော့ ခြောက်ထပ်ကြီးစောင်းတန်းမှာ ဘော်လီတွေ ဆိုဒ်စုံရတယ်ဆိုတာလည်းတွေ့ရ…
ဪ…သားအဖတွေစည်းလုံးနေပုံများ ပြည့်လျှံအဖုံးပွင့်ထွက်နေတဲ့ စည်ပင်အမှိုက်ပုံးကြီးလို…။
ဒီလိုနဲ့သာသနာဟာ…ယင်တွေတဝီဝီနဲ့စည်စည်ကားကား နွားကျောင်းသားလက်ထဲကပုလွေသံလောက်မှမချိုသာတော့…။
” ဒါနတော ဘောဂဝါ “တွေလှိုင်လှိုင်ပြောပီး ဘဏ်တိုးတွေနဲ့ အမျိုးတွေနဲ့နှပ်နေကြတာလည်း ဓမ္မကထိကလက်သစ်တစ်ချို့ရဲ့ခရိုနီဈေးကွက်နည်းစနစ်တစ်ခု…။
သူ့ကျောင်းမှာ…သင်္ကန်းအပြဲနဲ့ကိုရင်လေးက ခြုံစရာစောင်မရှိ…။
သာသနာမျိုးဆက်သစ်လေးဟာ သူ့အမျိုးမဖြစ်တာ တစ်ခုထဲနဲ့တင် လေမတိုက်ပဲ လဲပေးလိုက်ရတဲ့ သစ်ပင်လေးပေါ့…။
နောက်မှ…လူကြားကောင်းအောင်..သာသနာကုန်ကြမ်းတွေရှားကြောင်း…အနာဂတ်အတွက်…ရတက်မအေးဟန်..ဝမ်းခေါင်းလေသံကြီးနဲ့..ဟန်ပါပါ…ညည်းကြတာပေါ့လေ…။
တရားခံဟာ…တရားလိုပဲဆိုတာ..အဖြေမပေါ်ခင် တစ်နေ့အထိ..အဆင်ပြေနေပါလိမ့်ဦးမယ်…။
လပြည့်ည ရွှေတိဂုံမှာတော့…ရွှေတွေပုံနေတော့ ဝင်းနေတာပဲ…။
ဘုရားရှေ့မှာ..တရားနဲ့မွေ့နေတဲ့သူထက်..ဖုန်းတကားကားနဲ့ ..ဆယ်ဖီသမားတွေရယ်…အီစီကလီညုနေတဲ့..သမီးရည်းစားတစ်စုရယ်…..သင်္ကန်းဝတ်သူတောင်းစားတွေရယ်…လပြည့်ညမှာ..ပြည့်ပြည့်ဝဝ ဖူးလိုက်ရတယ်…။
ထမင်းဆိုင်တွေကလည်း..အပြိုင်အဆိုင်..”အရှင်ဘုရားတို့..ဝက်သားနဲ့လား?..ကြက်သားနဲ့လား?..ကြိုက်သလိုစား..တစ်ပွဲ ထောင့်ငါးရာ”တဲ့…။
ညကြီးအချိန်မတော်..သူ…ဘယ်လိုများ..အော်ထွက်ပါလိမ့်…ကြားစက…စိတ်ထဲထင့်သွားတယ်…။နောက်မှ …ပါရာဇိကဏ် ဝိနီတဝတ္ထုထဲက..မက္ကဋီမျောက်မကို…အာရုံပြု ကြည့်မိရင်း..သဘောပေါက်တယ်…။
ဪ… အားလုံးကို..သူ့ဖောက်သည်တွေဆိုတဲ့..အကြည့်မျိုးလေ…။
မန္တလေး..ဂေါဝိန်ဆိပ်ကမ်းလမ်းမှာလည်း..ညဘက် အပြန်…မအောင့်နိုင်လို့..ကျင်ငယ်ဆင်းစွန့်တော့..အနားမှာ ဒကာတစ်ယောက်..တိုးတိုးလေးကပ်လျှောက်တယ်။
“လုပ်ဦးမလား?..တစ်သောင်းပဲထား”တဲ့။
ဪ….အားလုံးကို..မက္ကဋီ မျောက်မတွေက ဖောက်သည်လို ကြည့်ကုန်ပြီ …။
ပိုက်ဆံအိတ် ဖောင်းဖောင်းနဲ့..ကားအကောင်းစားကြီးများ..ကျောင်းထဲဝင်လာရင် ..ခြေသလုံး ပြေးမဖက်ရုံတမယ် ..သာသနာကို ကာကွယ်နေတဲ့ ..သာသနာစောင့်..ကျောင်းထိုင်ဘုန်းတော်ကြီးများလည်း ရှိရဲ့…။
ကျောင်းရှေ့ မျက်နှာသာမှာလည်း…ဆိုင်ခန်းတွေအသီးသီးနဲ့..ဘုန်းကြီးတို့…..အမျိုးစောင့်ရှောက်ထားပုံများ…ကုသိုလ်လည်းရ…ဝမ်းလည်းဝဆိုပဲ…။
အထပ်မြင့်ကျောင်းကြီးတွေဆောက်ဖို့….နှိုးဆော်စာ ဆိုင်းဘုတ်က …”သဗဗြဒါနံ ဝိဟာရဒါနံ ဇိနာတိ”တဲ့…။..စာသင်သားတစ်ပါး လက်ခံဖို့ကျ ..ဒီအထပ်မြင့်ကျောင်းကြီးတွေမှာ…ကျောတစ်နေရာစာ နေရာ..အတော်ရှားတယ်…။
ကျောင်းကြီးလည်းပြီးရော..မောင်းတီးပြီး အမျိုးတွေခေါ်ထားကြ..ဒီလိုနဲ့…ကျောင်းတွေဟာ…ပရိယတ်အသံတိတ်လို့..ထမိန်တန်းတွေ…..ကျောင်းခေါင်ချိတ်ကုန်ပြီ…။
“စိရံ တိဋ္ဌတု”အသံကောင်းဟစ်ဟစ် ..တစ်မြို့လုံးကြားအောင်..လော်တပ်ပြီး ပဋ္ဌာန်းရွတ်ရွတ်..ဒီအညစ်တွေ …ခေါင်းကစပြီး လောင်း…မရှင်းသရွေ့..ဒီသာသနာဟာ ဘယ်တော့မှ..လင်းလာမှာမဟုတ်…။
ကိုယ့်အမှောင်နဲ့ကို…မျက်နှာပြောင်တိုက်ပြီး…အမိုက်ပြိုင်နေပုံများ …
ဆွမ်းစားဝိုင်းမှာ..ကားကြောင်းတွေလှိုင်လှိုင်…ကျောင်းချင်းတပြိုင်ပြိုင်နဲ့…ဓမ္မအသံတွေ ဆိတ်သုဉ်းလို့…
“ဒီနေ့ကပ်တဲ့ ဝက်သားဆွမ်းက..မနေ့က သုံးထပ်သားလောက်..မလန်းဘူး”ဟု လေးထပ်ကျောင်းထိုင်…ဆရာတော်တစ်ပါးကလည်းမိန့်…။
သဲစိုပေါ် ဗိုက်မှောက်ပြီး..ပိဋကတ်တော်များ..မပျောက်ပျက်အောင်..စောင့်ရှောက်လာခဲ့တဲ့ ..ရှေးဆရာ မထေရ်ကြီးများ…ဘဝဂ်ဘုံမှာရှိသေးရင်…ဒီအသံတွေကြား…ဘယ်လောက်များ နားခါးရှာမလဲ…။
ဝေရဉ္ဇာမှာအငတ်ကပ်ဆိုက်တော့…”မြေလှန်ပြီး မြေဆီထုတ်ကပ်မယ်”ဆိုတဲ့…တန်ခိုးပြင်းထန် အရှင်မောဂ္ဂလာန်ကို ..မြတ်ဗုဒ္ဓက တားတယ်…။
နောက်ဘုန်းတော်များကျ ..အသားပြွမ်းတဲ့..သလေးဆွမ်းကိုတောင် နှာခေါင်းရှုံ့ကြဦးမယ်တဲ့…။
နှစ်၂၅၀၀ကျော်ကို..လှမ်းကြည့်ပြီး…ပစ်ပေါက်လိုက်တဲ့…စကားတစ်ခွန်းက..နျုကလီးယားထိပ်ဖူးတပ်..ဒုံးကျည်ထက်..အဆတရာမက ပြင်းတယ်…။
ထိချက်က တစ်ဆံခြည်မလွဲ…ဒီကနေ့…အားလုံးနဖူးတည့်တည့်မှာ…သွေးစွန်းအောင် မှန်နေပြီပဲလေ…။ ။
အရှင်ကုမာရ ( ပခုက္ကူ )
ပညာရှိသူတော်ကောင်းများအမိမြေရှိဗုဒ္ဓသာသနာတော်ကိုအချိန်မှီကယ်တင်နိုင်ရန်အတွက် အထက်ဖော်ပြပါကဗျာလေးကို..များများဖြန့်ဝေပေးစေလိုပါသည်။
အရှင်တေဇနိယ(မန်းတောင်ခြေ)