News

“နွေဦးတော်လှန်ရေး ရှေ့တန်း ဒိုင်းကာ သူရဲကောင်း (သို့) မြောက်ဒဂုံမှာကြွေတဲ့ကြယ်”

ရှိုက်ကြီးတငင် ငိုကြွေးသံကို အိမ်နားမရောက်ခင် ခြေလှမ်း ၁၀ လှမ်းလောက် အလိုကတည်းက ကြားနေရပါတယ်။

၄ ခန်းတွဲ ၂ ထပ်တိုက်ရဲ့ အောက်ထပ်၊ ဘယ်ဘက်ထောင့်စွန်းခန်းကနေ ထွက်ပေါ်လာတဲ့ ငိုကြွေးသံပါ။ ဒီအသံပိုင်ရှင် ကတော့ မအေးမြတ်သူ လို့ခေါ်တဲ့ အမျိုးသမီးငယ်ရဲ့ ရင်ခေါင်းထဲကလာတဲ့ ဝမ်းနည်းပူးဆွေးနေရတဲ့ အသံပဲ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်က မြောက်ဒဂုံ ပင်လုံသပိတ်ကို လက်နက်ကိုင် တပ်ဖွဲ့က ဖြိုခွဲတဲ့အခါမှာ သေနတ်ထိမှန် သေဆုံးခဲ့တဲ့ ကိုချစ်မင်းသူရဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။

“သူတို့အတွက် ကြက်လေး ငှက်လေးလို ပစ်သတ်လိုက်ပေမယ့် သမီးအတွက်ကတော့ တန်ဖိုးရှိတဲ့ ယောကျာ်း။ သမီးကို တွန်းလှည်းနဲ့ တွန်းပြီးတော့ ရှာကျွေးတဲ့ ယောကျာ်းပါ” လို့ မအေးမြတ်သူက ငိုကြီးချက်မ ပြောနေတာပါ။

နာရေးကို လာရောက်ပြီး မေးမြန်းသူတွေ၊ ငွေကြေး ထောက်ပံ့သူတွေကလည်း ဗိုက်ဖုံးအင်္ကျီ ဝတ်ထားပြီး မျက်တွင်း ဟောက်ပက်နဲ့ မအေးမြတ်သူရဲ့ ငိုကြွေးအော်ဟစ်နေပုံကို ကြည့်ပြီး သူတို့ပါ မျက်ရည်လည်ရွဲနဲ့ ငိုနေကြပါတယ်။

“အန်တီတို့လို အနောက်က ဆန္ဒပြနေတဲ့ ပြည်သူတွေကိုပါ အသက်ပေးပြီး ကယ်သွားတာ။ သူ့ ဒိုင်းလေးနဲ့ နောက်ဆုတ်၊ နောက်ဆုတ် ဆိုပြီး အနစ်နာခံသွားတာ” လို့ နာရေးကို ရောက်ရှိနေတဲ့ အမျိုးသမီးကြီး တဦးကလည်း မအေးမြတ်သူကို ဖက်ရင်း ငိုရင်းပဲ ပြောနေပါတယ်။

သူမ ဘေးမှာလည်း အပူအပင်ဆိုတာကို မသိသေးတဲ့အရွယ် သူမရဲ့ သားငယ်လေးကလည်း ဖုန်းကိုကြည့်ရင်း ထိုင်နေ ပါတယ်။ အဲဒီ ကလေးအပြင်၂ လသား ကိုယ်ဝန်ကိုလည်း ဝမ်းမှာ လွယ်ထားရပါသေးတယ်။

မအေးမြတ်သူဟာ ခင်ပွန်းရဲ့ အကြောင်းတွေကို ပြန်ပြောင်းပြောပြရင်း ဆို့ဆို့နင့်နင့် ရှိုက်ကာ၊ ရှိုက်ကာနဲ့ အဆက်မပြတ် ငိုကြွေးနေပါတော့တယ်။

သူ့ခင်ပွန်း သေဆုံးချိန်ကနေ ယနေ့အထိ အစားဆိုလို့ ကြက်ဥအကာကျက် တလုံးပဲ စားပြီး တောက်လျောက် ငိုကြွေးနေ တယ်လို့ မိသားစုက ဆိုပါတယ်။

ခင်ပွန်းသည် အတွက် ပူဆွေးနွေးရတဲ့ မအေးမြတ်သူကိုချစ်မင်းသူတို့ မိသားစုဟာ မြောက်ဒဂုံ ၄၉ ရပ်ကွက်က လေးခန်းတွဲ နှစ်ထပ်တိုက် မိသားစုအဆောင်လို ၁၀ ပေပတ် လည် အခန်းကျဉ်းလေးမှာ ငှားရမ်း နေထိုင်တာပါ။ ရပ်ရွာအတွက် တက်ကြွလွန်းလို့ ရပ်ကွက်က လူတိုင်းက သတိထားမိ တဲ့ တွန်းလှည်းသမားပါ။

ရပ်ကွက်တွေ၊ လမ်းတွေမှာ “ဒန်တွေ ဝယ်တယ်၊ ကြေးတွေ ဝယ်တယ်၊ စက္ကူတွေ ဝယ်တယ်” ဆိုတဲ့ အသံက ရန်ကုန်မြို့ မှာ နေသူတွေအတွက် ရင်းနှီးပြီးသား အသံပါ။ ကိုချစ်မင်းသူဟာ အဲဒီလို ရပ်ကွက်တကာ လှည့် တွန်းလှည်းတစီးနဲ့ ပစ္စည်း ဟောင်းတွေ ဝယ်တဲ့ အသက်မွေးဝမ်းကျောင်းနဲ့ မိသားစုကို ရှာကျွေးနေရသူပါ။

အာဏာသိမ်းမှုတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စတင်လာချိန်မှာ မနက်ပိုင်း လှည်းတွန်းရင် ညနေ ပိုင်း ဆန္ဒသွားပြသလို ညနေပိုင်း လှည်းတွန်းရင် မနက်ပိုင်း ဆန္ဒသွားပြတတ်ပါတယ်။ ဒါတင် မကသေးပါဘူး။ သူ့ရဲ့ ပစ္စည်း ဟောင်းတွေ ရောင်းလို့ရတဲ့ အမြတ်နဲ့ ဆန္ဒပြသူတွေကို ကြာဆံကြော် ကျွေးတာမျိုးတောင် လုပ်ပါသေးတယ်။

“နောက်ပိုင်း အလုပ်က တရက်၊ နှစ်ရက်ပဲ လုပ်လို့ ရတော့တယ်။ အဲဒီတော့ နေ့တိုင်း မနက်ရော၊ ညရော ဆန္ဒပြဖို့ ထွက်ပါ တယ်” လို့ မအေးမြတ်သူက ဆိုပါတယ်။

သူ့ရပ်ကွက်မှာတင် ဆန္ဒပြတာ မဟုတ်ဘဲ ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲတွေကို ဖိနှိပ်တဲ့နေရာတွေကိုလည်း ရှေ့တန်းကနေ ဒိုင်းကာတဲ့သူတဦး အနေနဲ့ သူသွားရောက် ကာကွယ်ပေးပါတယ်။

သူသေဆုံးမယ့်နေ့မှာတော့ ဇနီးသည်က တားခဲ့ပေမယ့် “သူ့ကို ဒါလေးတော့ ခွင့်လွှတ်ပေးပါ။ အိမ်ကို ရောက်အောင် ပြန် လာပါ့မယ်” ဆိုပြီး ထွက်သွားခဲ့ပါတယ်။

မနက် ၉ နာရီခွဲလောက်မှာ သူအိမ်က ထွက်သွားခဲ့ပြီး ၁၁ နာရီ ဝန်းကျင်လောက်မှာတော့ သူပြန်ရောက်မလာနိုင်တော့ဘူး ဆိုတဲ့ သတင်းဆိုးပဲ အိမ်ပြန်ရောက်လာပါတော့တယ်။

သတင်းကြားကြားချင်းမှာ မအေးမြတ်သူတယောက် မယုံနိုင်သေးပါဘူး။ ပင်လုံဆေးရုံကို လာခဲ့ပါဆိုတော့ သွားတဲ့အခါ တကယ်ဖြစ်နေတာကို ကြေကွဲစွာနဲ့ သိလိုက်ရပါတယ်။

ကိုချစ်မင်းသူရဲ့ ရုပ်အလောင်းကို ကြည့်တဲ့အချိန်မှာ မသေသေအောင် အကြိမ်ကြိမ် ပစ်ခဲ့တာကို သိလိုက်ရတယ်လို့ မအေးမြတ်သူက ဆိုပါတယ်။

“ပစ်တာမှ သူ့ရဲ့ ဗိုက်ကို အရင် ပစ်တာနေမှာပါ။ သူ ဗိုက်ပွင့်နေတယ် ဆိုတော့လေ။ နံကြားထဲကို။ သူ့ရဲ့ ဒိုင်းကာမှာလည်း ကျည်ရာ ရှိပါတယ်။ အဲဒီကို ထိသွားတဲ့အချိန် ပြန်ပြီး ထမှာပေါ့နော်။ အဲဒါကို မြင်တော့ ထပ်ပစ်တာ မသေသေအောင်။ အဲဒီမှာ သူ လုံးဝ ဆုံးသွားတာပါ” လို့ သူက ဆိုပါတယ်။

သူတို့အိမ်နဲ့ မလှမ်းမကမ်းမှာ အနီရောင် စားပွဲ ၁ လုံးနဲ့ သူ့ရဲ့ ပစ္စည်းလေးတွေကို တင်ထားပြီး အနီရောင်တိုက်ပွဲဝင် အလံ ကို ကိုချစ်မင်းသူရဲ့ ဓာတ်ပုံနဲ့အတူ ချိတ်ဆွဲထားပါတယ်။ အရောင်လွင့်နေတဲ့ ခပ်ညစ်ညစ် ကော်ထိုင်ခုံပေါ်မှာ သွေး မခြောက်သေးတဲ့ သူ့ရဲ့ အနက်ရောင် ကျောပိုးအိတ်ကို ထောင်ရက် တင်ထားပါသေးတယ်။

မသေဆုံးခင်က ဆန္ဒပြပွဲမှာ တွေ့ရတဲ့ ကိုချစ်မင်းသူအရိုက်ခံရ သက်သာအောင် ဆိုပြီး ကျောပိုးအိတ်ထဲကို သူထည့်လေ့ ရှိတဲ့ သံပြားကိုလည်း ထောင်ထားပါသေးတယ်။ ဒါ့ပြင် အလယ်ကောင်မှာ ကျည်ပေါက်ရာ ရှိနေတဲ့ သူ့ရဲ့ အနက်ရောင် ဒိုင်းကိုလည်း ထောင်ထားပါတယ်။

တနိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲတွေဟာ ပြင်းပြင်းထန်ထန် အကြမ်းဖက် နှိမ်နင်းရာမှာ ရာဘာကျည်တင် မကဘဲ ကျည်အစစ်တွေနဲ့ ပစ်ခတ် နှိမ်နင်းနေတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သေဆုံးမှုတွေက သူတို့ လက်ချက် မဟုတ်ဘူးလို့ တွင်တွင်ငြင်းပေမယ့် ကျည်ပေါက်ရာ ကျန်ခဲ့တဲ့ ကိုချစ်မင်းသူရဲ့ ဒိုင်းလို ဖျောက်ဖျက် မရတဲ့ သက်သေပေါင်းများစွာ ရှိနေပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲအမည်ခံ လက်နက်ကိုင်အဖွဲ့တွေဟာ ဆန္ဒပြသူတွေကို သာမန် ပစ်ခတ်တာမျိုး တောင် မဟုတ်ဘဲ ဦးခေါင်းတွေကိုချည်း ရွေးချယ် ပစ်ခတ်နေပါတယ်။ ပထမဆုံး သေနတ်နဲ့ ပစ်ခတ်ခံ သေဆုံးခဲ့ရတဲ့ နေ ပြည်တော်က မမြသွဲ့သွဲ့ခိုင် အပါအဝင် သေဆုံးသူ အတော်များများဟာ ဦးခေါင်း ကျည်ထိဒဏ်ရာတွေနဲ့ချည်း သေဆုံးနေ ရတာ ဖြစ်ပါတယ်။

“သူတို့ ခြိမ်းခြောက်တာကလေ ခြေထောက်ကလေးတွေ၊ လက်ကလေးတွေ ပစ်လို့ ရပါတယ်။ မသေနိုင်တဲ့ နေရာလေး တွေလေ။ ကျမ ယောက်ျား ခြေထောက်ကလေး၊ လက်ကလေး ဖြစ်ပြီး ဒုက္ခိတဖြစ်သွားတယ် ဆိုရင်တောင် ကျမ ရှာ ကျွေးနိုင်တယ်။ ကျမ ယောက်ျား အသက်ရှင်နေတယ်ဆိုရင် ကျမ ဘာမဆို လုပ်နိုင်တယ်လေ။ အဲဒီလိုမျိုးလေးပဲ လုပ် ကြပါ” လို့ မအေးမြတ်သူက ငိုကြွေးရင်း တောင်းဆိုနေပါတယ်။

ဒါပေမယ့်လည်း ကိုချစ်မင်းသူဟာ ရက်စက်တဲ့ သေနတ်ဒဏ်ရာတွေနဲ့ မြောက်ဒဂုံက ဆန္ဒပြပွဲတခုမှာ သေဆုံးခဲ့ရပြီ ဖြစ်ပါ တယ်။ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြမှုတွေမှာ အကြမ်းဖက် နှိမ်နင်းခံရတာတွေအပြင် ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ ကြောင့် ကိုချစ်မင်းသူ အပါအဝင် သေဆုံးခဲ့ရသူ ဦးရေ ၇၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

“နောက်ထပ် ပစ်ခတ်သတ်ဖြတ်မှုတွေ မလုပ်ပါနဲ့တော့၊ ကိုယ်ချင်းစာပေးပါ” တော့လို့ ကိုချစ်မင်းသူရဲ့ ဇနီးက တုန်ယင် အက်ကွဲနေတဲ့ အသံနဲ့ ပြောနေပါတယ်။

“အဲဒီ ပစ်တဲ့သူတွေကို ပြောချင်တာ သူတို့ မိသားစုထဲက သူတို့ တခုခုဖြစ်သွားရင် ကျန်တဲ့ မိသားစုတွေလည်း အဲဒီလိုပဲ ခံစားရမှာ။ အဲဒီတော့ စာနာစိတ်လေးနဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ အစ်မ ယောက်ျားကို ပစ်သလို နောက်ထပ် ဘယ်သူ့ကိုမှ မပစ်ပါနဲ့လို့ တောင်းပန်ပါတယ်” လို့ သူက ဆိုပါတယ်။

“လူ ၁ ယောက်အတွက်နဲ့ ကျမတို့ကို မစတေးပါနဲ့တော့” လို့ ဆက်ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီး နိုင်ငံတော် အာဏာသုံးရပ်လုံးကို ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ထိန်းချုပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အဲဒီနောက် နေ့စဉ်ဆိုသလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံအနှံ့က မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ ဆန္ဒပြမှုတွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပုံစံအမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းကောင်စီဟာ ဆန္ဒပြမှုတွေကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် ဖြိုခွင်းနေသလို ညစဉ်လည်း မြို့နယ်၊ ရပ်ကွက်တွေကို ဝင်ပြီး အကြမ်းဖက် ဖမ်းဆီးတာတွေ ဖြစ်ပွားနေပါ တယ်။

ဒဏ်ရာ ဒဏ်ချက်တွေအပြည့်နဲ့ ဒိုင်းကာကို ဖောက်ဝင်သွားတဲ့ ကျည်ဝင်ရာတဖက်မှာလည်း စစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေကနေပြီး ဥပဒေအရ ဖြိုခွဲတာဖြစ်ကြောင်း တွင်တွင်ပြောနေပေမယ့် ကိုချစ် မင်းသူ တို့ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မှားယွင်းနေကြောင်း သက်သေပြနေပါတယ်။

သေနတ်ကျည်ထိ ဒဏ်ရာများနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရရှာပြီဖြစ်တဲ့ ကိုချစ်မင်းသူ တယောက်ကတော့ သူမသေခင်က မက်ခဲ့တဲ့ အိပ်မက်ဖြစ်တဲ့ သူ့သားလေးကို ရှင်ပြုခွင့်လည်း မရတော့ပါဘူး။

သူဟာ သားသမီးတွေကို ချစ်တတ်လွန်းလို့ သားရဲ့ပုံကို ရင်ဘတ်မှာ တက်တူးထိုးထားတဲ့သူပါ။

မအေးမြတ်သူက ငိုကြွေးနေရာက မာန်တင်းပြီး “ကျမ သားသမီး၂ ယောက်နဲ့ ကျမ ကြိုးစားပြီး ရအောင်ကို လျှောက်မှာ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုက်ထဲက ကလေးလေး ကလည်း သူလိုချင်လို့ ယူထားတဲ့ ကလေး” လို့ ပြောရှာပါတယ်။

“ကျမက ပြောတယ် နင် မသွားနဲ့နော် နင်သွားရင် နင့်ကလေးလည်း ငါ မမွေးပေးဘူးလို့။ အဲဒီအခါကျတော့ သူက မိန်းမ ရယ် မလုပ်ပါနဲ့ ငါ့ကို ခွင့်လွှတ်ပေးပါ။

ဆန္ဒပြတာလေးတော့ လုပ်ပါရစေ ကလေးလေးကိုလည်း မွေးပါတဲ့။ ဗိုက်ထဲက ကလေးလေးဆိုရင် သူ မြင်တောင် မမြင်သွားရဘူးလေ။ မမြင်ရတော့ဘူးလေ” လို့ သူ့ချစ်လှစွာသော ခင်ပွန်းရဲ့ အမှာ စကားကို ရှိုက်ရင်းပင့်ရင်းနဲ့ ပြောပြနေပြန်ပါတယ်။

အခုတော့ ကိုချစ်မင်းသူ တယောက် သူချစ်တဲ့ ဇနီး၊ သားလေး သာမက သူ မမြင်တွေ့နိုင်တော့တဲ့ ဗိုက်ထဲက ကလေး၊ ကလေးတွေရဲ့ အနာဂတ်၊ အားလုံးကို ထားခဲ့ပြီး စစ်အာဏာရှင် တော်လှန်ရင်း လမ်းခုလတ်မှာ အသက်ပေးသွားခဲ့ပါပြီ ။ ။

By ဧရာဝတီ 13 March 2021

ပြန်လည်မျှဝေပေးပါတယ်

လေးစားလျှက်