မတ်(၁၃)
တနိုင်းမြို့နယ် နမ်ဗျူ ကျေးရွာအနီးနှင့် အနီးတစ်ဝိုက် ရွာများတွင် နေထိုင်နေကြသည့် ပြည်သူများအား တိုက်ပွဲဖြစ်လာနိုင်ခြေရှိသည့်အတွက် တိမ်းရှောင်ပေးရန် နှစ်ဖက်တပ်များမှ လာရောက်ပြောဆိုမှုများ ရှိကြောင်းသိရသည်။
လက်ရှိအချိန်တွင် ယင်းဒေသ၌ တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်နိုင်ခြေရှိနေခြင်းကြောင့် ပြည်သူလုထုထိခိုက်မည်ကို စိုးရိမ်သည့်အတွက် ရှောင်တိမ်းခိုင်းခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“ကျွန်တော်တို့ရွာက အရင်စစ်ပွဲ ကြောင့် ပြန်လို့မရသေးဘူး။ ရွာဘေးမှာ တောင်ယာလုပ်၊ အခင်းလုပ်ပြီးနေတဲ့သူတွေ။သူတို့နဲ့နီးတဲ့သူတွေကို စစ်ကောင်စီဘက်က လွန်ခဲ့တဲ့ နှစ်ရက်လောက်က လာပြောတယ်” ဟု နမ်ဗျူဒေသခံတစ်ဦးက ဆိုသည်။
ကေအိုင်အေတပ်ရင်း(၁၄)နားရှိ ပြည်သူများမှာ လွန်ခဲ့သည့် တစ်ရက်လောက်တည်းက တိမ်းရှောင်သူများရှိခဲ့ပြီး ယနေ့ချိန်ထိ နေထိုင်သူများလည်းရှိနေကြောင်း သိရသည်။
”ရွာနားမှာက ရွှေမှော်၊ ပယင်းမှော်တွေရှိတော့ လူများတယ်၊ လူစုံတယ် အဲ့တော့ ဒီကချင်စစ်တပ်ဘက်က လူတွေလည်း တိမ်းရှောင်ပေးဖို့ လာပြောတာတွေရှိတယ်။ လူတွေက ထွက်တဲ့သူတွေလည်း ရှိတယ်။ ကျန်နေသေးတဲ့ သူတွေရောရှိသေးတယ်။ အခြေအနေတော့ ဆိုးနေတယ်။ ပစ်ဖို့အဆင်သင့် ဖြစ်နေသလိုဘဲ” ဟု ရွာသားတစ်ဦးက ပြောသည်။
နမ်ဗျူကျေးရွာသည် လွန်ခဲ့သည့် (၂၀၁၇) တိုက်ပွဲတွင် စစ်ဘေးရှောင်ခဲ့ရပြီးနောက် ယနေ့ချိန်ထိ မိမိသို့ နေအိမ်ကို ပြန်နိုင်ခြင်း မရှိသေးပေ။
တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ (၁၁) ရက်နေ့မှစတင်ကာ တပ်မတော်နှင့် KIA တို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ-၂၀၁၇ ခုနှစ်က တပ်မတော်နှင့် KIA တို့ တိုက်ပွဲများကြောင့် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ရသည့် နမ်ဗျူကျေးရွာနှင့် အနီးတစ်ဝိုက်က စစ်ရှောင်ပြည်သူများ