News

ဖားကန့်မှာ ကျောက်ဟောင်းများစုပုံ မြှုပ်နှံထားတဲ့ ကျောက်သိုက် တွေ့ရှိ၊ ရေမဆေးသမားများ ဝိုင်းဝန်း တူးဖော်နေ

ဖားကန့်မှာ ကျောက်ဟောင်းများစုပုံ မြှုပ်နှံထားတဲ့ ကျောက်သိုက် တွေ့ရှိ၊ ရေမဆေးသမားများ ဝိုင်းဝန်း တူးဖော်နေ..

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကထန်ကျေးရွာအနီးက မြေစာပုံအဟောင်းတခုမှာ ကျောက်စိမ်းအဟောင်းများ မြှုပ်နှံထားတဲ့ ကျောက်သိုက်တခုတခုကို ရေမဆေးကျောက်ရှာဖွေသူတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။

တချိန်က ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီတခုရဲ့ စွန့်ပစ်မြေစာပုံအဟောင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ယခင်က မက်မြန်မာ (Max Myanmar) ကုမ္မဏီက နေရာဖြစ်ပြီး နောက်ပိုင်းမှာ တစ်သုံးလုံး ကုမ္မဏီက မြေစာစွန့်ပစ်တဲ့နေရာ ဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ် ။ ကုမ္မဏီက မလိုချင်လို့ မြှုပ်ပစ်ခဲ့တဲ့ကျောက်တွေ ဖြစ်ဘို့များတယ်လို့လည်း ကထန်ရွာသားတဦးက ခုလိုပြောပါတယ် ။

မက်မြန်မာ ကုမ္မဏီဟာ တန်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ယခုနေရာမှာပဲ ရရှိခဲ့တာဖြစ်ပြီး သုံးပိုင်းဖြတ်တောက်ကာ နေပြည်တော်ကို သယ်ဆောင်သွားခဲ့ရတာလည်း ဖြစ်ပါတယ် ။

“အရင်က ကုမ္မဏီတွေက ကောင်းပေ့ဆိုတဲ့ ရှယ်တွေပဲ ယူကြတာလေ ။ သိန်းပေါင်း သောင်းထပ် သိန်းထပ်တန်တဲ့ ကျောက်ကောင်းတွေပဲ ယူကြတာလေ ။ သိပ်မကောင်းလောက်တဲ့ကျောက်ဆို မယူကြဘူးလေ” လို့ ကိုမျိုးဝင်းညွှန့်က ပြောပါတယ် ။

အခုတွေ့ရှိတဲ့ကျောက်ထဲမှာ သိန်းပေါင်း ရာပိုင်း ၊ ထောင်ပိုင်း တန်တဲ့ ကျောက်တွေလည်း ပါရှိနိုင်ပြီး ၊ လောလောဆယ် သိန်းပေါင်း လေးငါးဆယ်တန်တဲ့ကျောက်တွေ ရောင်းနေရတာတွေ့တယ်လို့လည်း အမည်မဖော်လိုတဲ့ ဝယ်ရောင်းလောပန်းတဦးက ပြောပါတယ် ။

“သိန်းပေါင်း ရာပိုင်း ထောင်ပိုင်း တန်တဲ့ကျောက်တွေ ပါနိုင်တယ်ဗျ ။ ခုကျနော်တို့တောင် ဆယ်ကြီးရာပိုင်း ကျောက်တွေ ဝယ်နေရတာဗျ ” ဟုဆိုပါတယ် ။

ဇော်မိုးထက် (ဖားကန့်)