ဗဟုသုတ

” ငုံးတစ်ကောင်ကပေးသော သင်ခန်းစာ “

” ငုံးတစ်ကောင်ကပေးသော သင်ခန်းစာ ”

တစ်နေ့မှာ ငုံးတစ်ကောင်ဟာ အစာရှာနေခိုက် မုဖိုးတစ်ဦးရဲ့ အဖမ်းခံလိုက်ရတယ်။ ဒီမုဆိုးကငုံးတွေကို အရှင်ဖမ်းပြီး ငုံးသားစားချင်လို့ ငုံးဝယ်လာသူတွေကို ငုံးရောင်းစားတဲ့ အလုပ်နဲ့ အသက်မွေးသူပဲ။ ဒါနဲ့ ဆိုခဲ့တဲ့ ငုံးလေးကိုမုဆိုးက ဖမ်းသွားပြီး အိမ်ရောက်တော့ အခြားငုံးတွေ နဲ့အတူ လှောင်ချိုင့်ထဲ ထည့်ထားလိုက်တယ်။

မုဆိုးက လှောင်ချိုင့်ထဲက ငုံးတွေကို အစာကောင်းကောင်း ကျွေးတယ်။ ကောင်းကောင်း အစာကျွေးတာကလည်း ငုံးလေးတွေ ဝဝလှလှလေးတွေ ဖြစ်လာအောင်လို့ပဲ။

ဝဝလှလှ စားချင်စဖွယ်လေးတွေ ဖြစ်လာမှလဲ ငုံးဝယ်သူတွေ မျက်စိကျပြီး ဝယ်ချင်မှာကိုး။ လှောင်ချိုင့်ထဲ ရောက်နေတဲ့ ငုံးတိုင်းဟာ တစ်ချိန်ချိန်မှာတော့ ငုံးသားစားချင်လို့ လာဝယ်သူတွေရဲ့ လက်ထဲမှာ သေရမှာအမှန်ပဲ။ ငုံးတိုင်းဟာ မလွဲမသွေရောက်လာမယ့် သေခြင်းတရားကို လှောင်ချိုင့်ထဲကနေပြီး စောင့်ဆိုင်းနေရတာနဲ့ မခြားဘူး။

ဆိုခဲ့တဲ့ငုံးလေးဟာ သေရမယ့် ဘေးကိုမြင်တယ်။ ဒါပေမယ့် အခြားငုံးတွေလို အကြမ်း ဖက်ပြီး လွတ်အောင်မရုံးဘူး။ ရုန်းလို့လည်း မရနိုင်ဘူးဆိုတာ သူသိတယ်။

အကြမ်းဖက်တဲ့ ငုံးတွေဟာ အတင်းကာရောရုန်းကြ၊ ကန်ကြနဲ့ အတောင်ကျိုး၊ နှုတ်သီးကျိုးတွေဖြစ်ပြီး အဆုံးမှာ မောပန်းသေကြတာပဲ။ ခိုင်ခံ့တဲ့ လှောင်အိမ်ထဲကနေပြီး ဒီလိုအကြမ်းဖက်တဲ့ နည်းနဲ့ ဘယ်လွတ်နိုင်ပါ့မလဲ။ ပြီးတော့သေဘေးကို မမျှော်မတွေးကြတဲ့ အခြားငုံးတွေလိုလဲ သူကမေ့မေ့လျော့လျော့မနေဘူး။

သေဘေးကို မမျှော်မတွေးကြတဲ့ ငုံးတွေဟာ မုဆိုးကျွေးသမျှ နင်းစားပြီး ပျော်နေကြ သေးတယ်။ ပြီးတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးတော့ တခြားငုံးတွေလို သူက ကံကိုပုံချပြီး စိတ်ပျက်လက်ပျက် ဖြစ်မနေဘူး။ သူကစိတ်ခိုင်ခိုင်နဲ့ သေခြင်းတရားက ဘယ်လိုလွတ် နိုင်ပါ့မလဲလို့ အကြံထုတ်တယ်။ နည်းလမ်းရှာတယ်။ ရှာရင်းကအကြံ တစ်ခုရလာတယ်။

ဒီအကြံနဲ့သူက မုဆိုးကျွေးလာတဲ့ အစာကို နည်းနည်းလေး မသေရုံကလေးပဲ စားတယ်။ အစာကို နည်းနည်းပဲစားတော့ သူ့ခန္ဓာကိုယ်လေးက ပိန်လာတယ်။ ချည့်နဲ့နဲ့လေး ဖြစ်လာတယ်။ ဒီလို ပိန်ပိန်ချည့်ချည့်လေးဆိုတော့ ငုံးဝယ်လာသူတွေက သူ့ကိုမျက်စိမကျဘူး။ မဝယ်လိုကြဘူး။ ဘယ်သူမှမဝယ်ကြလို့ ကျန်နေတာကပဲ သူ့အတွက် အခွင့်ကောင်းရ နေတယ်။ အကြံထုတ်ချိန်၊ စဉ်းစားချိန် ပိုရနေတယ်။

ဒါနဲ့နောက်ဆုံး တခြားငုံးတွေကုန်လို့ သူတစ်ကောင်တည်း ကုပ်ကုပ်လေးကျန်နေတော့ မုဆိုးက “ဒီငုံးလေးဟာ အစာကျွေးပါလျှက် ဝမလာပဲ ကုပ်ကုပ်လေးဖြစ်နေတာဟာ ရောဂါ တစ်ခုခုရှိလို့ထင်တယ်” လို့တွေးပြီး ငုံးလေးကို လှောင်အိမ်ထဲကထုတ်၊ သူ့လက်ဝါးပေါ် တင်ပြီး ငုံလေးမှာ ဘာရောဂါများရှိလဲလို့ စုံစမ်းတယ်။

မုဆိုးကဒီလောက်ချည့်နဲ့နေတဲ့ ငုံးလေးဟာ ချက်ချင်းတော့ ပျံနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်သတိလည်း သိပ်မထားဘူး။ ဒါပေမယ့် ငုံးလေးကတော့ အကြံနဲ့ဆိုတော့ မုဆိုး သတိမထားပဲ လက်ဝါးပေါ်တင်ကြည့်နေခိုက်မှာ ဖြုတ်ဆို ပျံထွက်သွားတယ်။ ဆက်ပြီးသူ့ အပေါင်းအဖော်ငုံးတွေရှိရာ တောထဲအရောက် ပျံသွားတယ်။

ဒီနည်းနဲ့ သေရမယ့်ဒုက္ခ အန္တရာယ်ကနေပြီး ငုံးလေးဟာ လွတ်သွားခဲ့တယ်။ တကယ်လို့ သာ ငုံးလေးဟာ ကံအတိုင်းပဲဆိုပြီး စိတ်ဓါတ်ကျနေရင် အခုလို အသက်ဘေးက လွတ်မှာ မဟုတ်ဘူး။ အကြမ်းဖက်ပြီး လှောင်အိမ်ထဲက ရုန်းကန်ပြီး ထွက်နေရင်လည်း ပင်ပန်းပြီး သေဖို့သာရှိမယ်။

ဒါမှမဟုတ် မုဆိုးက “ဒီလောက်ရုန်းကန်ရလားလို့” ဒေါသထွက်ပြီး သတ်လို့ သေရင်လည်း သေသွားနိုင်တယ်။ သူ့မိတ်ဆွေတွေဆီ ပြန်ရောက်တော့ မိတ်ဆွေငုံးတွေက မေးကြတယ်။ ဘယ်ရောက်ဘယ်ပျောက်ပြီး ဘာတွေဖြစ်ခဲ့သလဲပေါ့။

ဒီတော့ငုံးလေးက သူ့အဖြစ်ကို အစမှအဆုံးတိုင် ပြန်ပြောပြီး သူ့ဘဝမှာရခဲ့တဲ့ သင်ခန်းစာ ကိုလဲပေးလိုက်ပါတယ်။ “အဆွေတို့ မကြံစည် မတွေးခေါ်သူ အခြေအနေတွေကို မသုံးသပ်မဆင်ခြင် မရှုမြင်တတ်သူဟာ အကျိုးထူးကိုမရဘူး။ ငါ့အဖြစ်ကိုသင်တို့ကြည့်ပါ။

ကြံစည်စိတ်ကူးခြင်း၊ အခြေအနေတွေကို မျှော်ခေါ်ဆင်ခြင် တတ်ခြင်းကြောင့် မလွဲမသွေကြုံရမယ့် သေဘေးလို အန္တရာယ်မျိုးကတောင် ငါလွတ်မြောက်ခဲ့ရတယ်”တဲ့။ ဘဝခရီးမှာ ဉာဏ်အမြှော်အမြင်ရှိဖို့ သိပ်အရေးကြီးတယ်လို့ ယူဆရမှာပဲ။

တစ်နည်းဆိုရရင် အတွေးအမြင်ဒဿနဟာ အရေးကြီးတယ်လို့ ဆိုရမှာပဲ။ အခက်အခဲတွေကို ကြုံလာတဲ့အခါ အခြေအနေကို မှန်မှန်ကန်ကန် မသုံးသပ် မရှုမြင်နိုင်ရင် ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ချက် မချနိုင်ဘူး။ တွေဝေနေနိုင်တယ်။

ဒါကြောင့် ဒီပုံပြင်လေးကိုဖတ်ပြီး အခက်အခဲ ကြုံလာချိန်တိုင်း လုပ်သင့်လုပ်ထိုက် တာကိုလုပ်ပြီး အခြေအနေအချိန်အခါနဲ့ အခွင့်အခါကြုံတာနဲ့ တွေဝေမနေဘဲ လွတ်မြောက်ရာ လမ်းကြောင်းအမှန်ကို လျှောက်ဖို့၊ ဆုံးဖြတ်ချက်တွေမမှားဖို့၊ ထောက်ပြညွှန်ပြတဲ့ ပုံပြင်လေးမို့ ပြန်လည်ပြီး ရေးသားလိုက်ပါတယ်။

Credit : Original Writer

ပြန်လည်မျှဝေပါတယ်ခင်ဗျာ..

လေးစားလျှက်ပါ🙏🙏🙏