News

“ထားဝယ်ပြည်သူ့ဆေးရုံကြီးက ကလေးအထူးကုဆရာဝန်ကြီးရဲ့ ကာကွယ်ဆေးထိုးပြီး Review”

ကာကွယ်ဆေးထိုးပြီး လက်ကမနာလို့ ကိုယ်ခံအားကဆေးကိုမတုန့်ပြန်ဘူးလားဆိုပြီး စိုးရိမ်နေတာ 😅😅

ထိုးပြီး ၉နာရီလောက်အကြာမှာ ထိုးတဲ့ လက်ကစကိုက်လာတယ်….နောက်တကိုယ်လုံး တုပ်ကွေးကွေးချင်သလို ညောင်းညာ ကိုက်ခဲလာတယ်…ချမ်းစိမ့်စိမ့်နဲ့မို့ တညလုံးစောင်ထဲကွေးနေရတယ်….အဖျားတိုင်းတော့ ၉၉ ပဲရှိတယ်… .Paracetamol သောက်လိုက်တော့ ကိုက်တာ နဲနဲသက်သာတယ်….ကိုယ်လက်ကိုက်တဲ့ အရှိန်နဲ့ ညကတော​့ကောင်းကောင်းအိပ်မပျော်ဘူး ​နှာခေါင်းပိတ်လို့ အစက်ချဆေးထည့်အိပ်တယ်…

မနက်ကျ တော်တော်သက်သာသွားတယ်…ဆေးခန်းတောင်သွားထိုင်နိုင်ပြီ….အာခေါင်လေးခြောက်လို့ ရေခနခန ထသောက်ရတာလေးတော့ရှိသေးတယ် ထိုးထားတဲ့နေရာကတော့ နာသေးတာပေါ့….

ကာကွယ်ဆေးထိုးပြီးရင် ကိုယ်ခံအားတုန့်ပြန်မှုကြောင့် အနဲနဲ့ အများ ဖျားတာ ကိုက်ခဲတာဖြစ်တတ်ပါတယ်…

ကလေးလေးတွေ ကာကွယ်ဆေးထိုးပြီး ဖျားတတ်ကြသလိုမျိုးပေါ့….တယောက်နဲ့ တယောက်တုံ့ပြန်မှုမတူသလို ဖြစ်တာချင်းလဲ နဲနဲတော့ကွဲနိုင်တယ်..တချို့က ခေါင်းမူးတယ် ခေါင်းကိုက်တယ် အန်တယ်…တချို့ကဝမ်းပျက်တယ်..

ရောဂါပိုးက ပြင်းတော့ ကာကွယ်ဆေးရဲ့ တုံ့ပြန်မှုကလဲ ရိုးရိုးတုပ်ကွေးကာကွယ်ဆေးထက်တော့ ပိုနိုင်ပါတယ်….မကြောက်ကြပါနဲ့….အများစုကတော့ ဖျားတာနာတာလောက်ပဲ ဖြစ်ပြီး ၃ ရက်တွင်းပြန်ပျောက်သွားပါမယ်….

ကာကွယ်ဆေးဆိုးကျိုးတွေကို ကြောက်ပြီးဆေးမထိုးတာမျိုးလုံးဝမဖြစ်သင့်ပါဘူး….ပိုးကူးခံရရင်ဖြစ်မဲ့ ရောဂါတွေက ဒီထက်အဆများစွာပိုပါတယ်…နောက်ဆုံး အသက်ပါဆုံးရှုံးနိုင်တဲ့ ရောဂါပိုးမို့ ဆေးထိုးဖို့ ထိုက်တန်ပါတယ်..အားလုံးကာကွယ်ဆေးထိုးပြီး COVID ကြီးကိုကာကွယ်ရအောင်….

ကျန်းမာရေးဝန်ထမ်းတွေ ကာကွယ်ဆေးအရင်ထိုး​ပေးတာ အရမ်းအဆင်ပြေပါတယ်..ဖြစ်လာသမျှလဲ ကိုယ့်ဟာကိုယ်ကုနိုင်တယ်…ကိုယ်တွေအတွေ့ကြုံအရ ဘာတွေလုပ်သင့်တယ် share ပေးနိုင်တယ်..အဲတော့ ဆေးထိုးမဲ့သူတွေကို မှာချင်တာလေးတွေ ပြောပေးမယ်နော်

ဆေးမထိုးခင်….

၁) ဆေးမထိုးခင် အိပ်ရေးဝဝ အိပ်ပါ

၂) ကိုယ်ခံအားတက်မဲ့ အစားတွေများများစားထားပါ

၃) ထိုးမဲ့နေ့မှာ သောက်ဖို့ အကိုက်အခဲပျောက်ဆေး ဆောင်ထားပါ

(ဖြစ်မှာစိုးလို့ ကြိုသောက်ထားတာမျိုးမလုပ်သင့်ပါ….ကိုယ်ခံအားတုန့်ပြန်မှုကို တားဆီးပြီး ဆေးအာနိသင် လျှော့ကျစေသည်ဟု တချို့ study တွေက ဆိုထားကြလို့ပါ)

၄) ဆေးထိုးပြီး ကိုယ်လက်ကိုက်ခဲမှုဖြစ်နိုင်ပါသဖြင့် လုပ်စရာအလုပ်တွေ ကြိုလုပ်ထားပေးပါ….

၅) နာတာရှည်ရောဂါရှိသူ…စွဲသောက်နေရသောဆေးရှိသူ….ဆေးဓာတ်မတည့်မှု ရှိဖူးသူများ ဆရာဝန်နဲ့တိုင်ပင်ပါ…..

ဆေးထိုးမဲ့နေ့

၁) လက်မောင်းအလွယ်တကူဖော်လို့ရသောအဝတ် ဝတ်ပေးပါ…

၂) ဖြစ်နိုင်ရင် ကော်ဖီလက်ဘက်ရည်မသောက်ပါနဲ့

၃) အရက်ဘီယာမသောက်ပါနဲ့

ဆေးထိုးပြီး

၁) ထိုးတဲ့​နေရာရောင်နေ နာနေပါက ​အဝတ်အေးသန့်သန့် သို့မဟုတ် ရေခဲအိတ်ကပ်ပေးခြင်းဖြင့် အနာသက်သာစေပါတယ်

၂) ဆေးထိုးထားတဲ့ လက်ကို သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားပေးပါ…

၃) အရည်များများသောက်ပေးပါ

၄) အနားကောင်းကောင်းယူပါ…

Vaccine ကြောင့် တုန့်ပြန်မှုဟာ ၃ရက်ထိပဲ ကြာနိုင်တာမို့

၃ ရက်ကျော်တဲ့အထိ မသက်သာပါက သက်ဆိုင်ရာဆရာဝန်နဲ​့ပြပေးပါ..

ဒေါက်တာခင်မြတ်မြတ်နွေး

(ကလေးအထူးကု)

ထားဝယ်ပြည်သူ့ဆေးရုံ